Home
မြန်မာသတင်း
ထိုင်းက အထောက်အထားမရှိတဲ့သူများကို အလုပ်သမားကတ်ထုတ်ပေးမည်
DVB
·
September 26, 2024
Photo_AEC AseanNews

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားဝင်အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်ဆိုင်ရာ အထောက်အထားတွေကို ထိုင်းအစိုးရအနေနဲ့ မကြာခင်မှာ ဖွင့်လှစ်လုပ်ဆောင်ပေးတော့မယ်လို့ ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားသားများရဲ့ အလုပ်စီမံခန့်ခွဲမှု ၂၀၂၄ က တင်ပြလာတဲ့ အချက်တွေထဲ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံသား တွေကို အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းဆိုင်ရာ ကြေညာချက်မူကြမ်းထုတ်ပြန်ဖို့ကို စက်တင်ဘာ ၂၄ ရက်မှာ အစိုးရအဖွဲ့က အတည်ပြုခဲ့ပါတယ်။

အတည်ပြုချက်တွေထဲ ၄ နိုင်ငံ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အလုပ်လုပ်ကိုင် နေထိုင်ခွင့်ဆိုင်ရာတွေပါဝင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့  အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ရှင်းပြပါတယ်၊

“၂၀၂၅ ဖေဖော်ဝါရီ ၁၃ ဆိုရင် သက်တမ်းကုန်ကြတော့မယ် အများစုက။ အဲဒီကုန်တဲ့ အုပ်စုတွေကို သူတို့က MOU စနစ်ကိုပြောင်းမှာပေါ့နော်။ ဒီမှာ ကျနော်တို့ မြန်မာတွေနဲ့ဆိုင်တာဆိုရင် CI အများစုကိုင်ထားတာပေါ့။ MOU စနစ်ထဲကို ပြောင်းမှာဖြစ်တဲ့အတွက် ကျနော်တို့က နယ်စပ်မှာသွားလုပ်ရမှာလား၊ ဘာလားဆိုတာ အဲတာ မသိရသေးဘူး။ နောက်တခုက ပုဒ်မ ၆၄ အုပ်စုတွေပေါ့။ ၆၄ အုပ်စုတွေကတော့ သုံးလတကြိမ်ပဲပေါ့။ ဥပမာ မြဝတီ-မဲဆောက်က ဝင်လာရင် မြဝတီ-မဲဆောက်ကပဲ အဝင်အထွက်ပြန်လုပ်ရမယ်၊ သူ့သက်တမ်းကုန်လို့ ၃ ကြိမ် တိုးတဲ့အချိန်မှာပေါ့ဗျာ။”

ဒါ့အပြင် တရားဝင်အလုပ် လုပ်ကိုင်ခွင့်အထောက်အထားကို လူသစ် လူဟောင်းတွေအတွက် ဖွင့်ပေးတာ၊ လေးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အသက် ၁၈ အောက် ကလေးတွေကိုလည်း မိဘတွေနဲ့တပါတည်း နေထိုင်ခွင့်ရရှိမယ့် ထပ်တိုးအခွင့်အရေးတွေနဲ့ အလုပ်ရှင်ပြောင်းဖို့အတွက် သက်တမ်း တလကနေ နှစ်လကို တိုးမြှင့်ပေးတာလည်း ပါဝင်တယ်လို့ သိရပါတယ်၊ 

အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၃ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက်ကလည်း တရားဝင်အထောက်အထားကတ် အမြန်ဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြောင်း ပြောပါတယ်။

“ဘတ်ရိုက်ဖို့ကလည်း လာမယ့် ရှေ့လရိုက်ပေးမယ်ဆိုပြီးတော့ ကြားရင်းကြားရင်းနဲ့ ဒီထိုင်းနိုင်ငံရေး အခြေအနေကြောင့် တနှစ်လောက်ကြာသွားတာပေါ့။ ကျနော်တို့လည်း တနှစ်လောက် တရားမဝင် ဖြစ်သွားတာပေါ့။ လက်ရှိကတော့ ဘတ်ရိုက်ဖို့ ယုံကြည်ရမယ့်သူကို အပ်နှံထားပါတယ်။ သူပဲ အဆင့်ဆင့် ကတ်ရတဲ့အထိ စီစဉ်ပေးမှာပေါ့။ တရားမဝင်တော့ သူများနိုင်ငံမှာ မဖြစ်ချင်ဘူး၊ ဘတ်မြန်မြန်ဖွင့်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါမှလည်း စစ်အာဏာရှင်စနစ်ကြောင့် တိမ်းရှောင်လာရတဲ့ ကျနော်တို့ နိုင်ငံသားတွေ မရှိရှိတာ ရောင်းပြီး သူများနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကျနော်တို့ နိုင်ငံသားတွေ အသက်ရှူချောင်ကြမှာပါ။”

မကြာခင်ကာလအတွင်းမှာ တရားဝင်ကြေညာချက်ထွက်ပေါ်လာပြီး အသေးစိတ် အချက်အလက်တွေ သိရှိလာနိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို သတိဝိရိယနဲ့ နေထိုင်ဖို့ကိုလည်း ဦးမင်းဦးက သတိပေးပါတယ်၊

“အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကတော့ မှန်တယ်၊ ထုတ်ပြန်ချက်က ဘုရင့်အမိန့်ကရပြီးတော့မှ ဘယ်နေ့ကစပြီး ဘယ်နေ့အထိ လုပ်ပါဆိုပြီး ထုတ်ပြန်ချက်က ထွက်လာမှာ။ ဆိုတော့ ထွက်လာတဲ့အထိကို ကျနော်တို့နည်းနည်း လောက်သည်းခံပြီးတော့ ဒါက တကယ်တော့ လတောင်မရှိတော့ပါဘူး၊ အဲဒီလောက်မကြာဘူး ပြောရမယ်ဆိုရင် ရှေ့လထဲမှာ ဖြစ်ဖို့ကတော့ ကျိန်းသေသလောက်ရှိတယ်။ အရေးကြီးတာ ကိုယ်နဲ့စိတ်ချရဲ့ အေးဂျင့်တွေနဲ့ လုပ်ပြီးတော့ နောက်တခုက ကိုယ်နေထိုင်တဲ့နေရာရာ အဖမ်းအဆီး အစစ်အဆေးကို ပြောရရင် အဖမ်းအဆီးမခံ ရအောင် အဲလိုနေဖို့တော့လိုမယ်လို့ကျနော်ထင်တယ်၊ သူတို့ရဲ့ရက်ပေါင်း ၁၂၀ အော်ပရေးရှင်းကြီး ကလည်း ရှိနေသေးတယ် မကုန်သေးဘူး၊ ရက်ပိုင်းလေးပဲကျန်တော့တာဆိုတော့ သူတို့က အဲတာနဲ့ ထုတ်ပြန်ချက်က ကွက်တိလောက် လုပ်တယ်လို့ထင်ပါတယ်၊ ဂရုစိုက်ပြီးတော့နေပေးဖို့ပဲ ကျနော်က ပြောလိုပါတယ်။”

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား ၆ သန်းကျော် ရောက်ရှိနေထိုင်နေပေမဲ့ တရားဝင် အထောက် အထားနဲ့နေထိုင်နေသူ ၂ ဒသမ ၃ သန်းသာ ရှိတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်က အယုဒ္ဓခရိုင်၊ ဥထိုင်မြို့နယ်က ဆောက်လုပ်ရေးဆိုဒ်တခုမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၂၆၄ ယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။ 

ရက် ၁၂၀ စီမံချက်နဲ့ ဇွန်လကနေ စက်တင်ဘာ ၁၉ ရက်အထိ မြန်မာနိုင်ငံသား ၂ သိန်းနီးပါး ဖမ်းဆီးစစ်ဆေးခံခဲ့ရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါထားတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013