မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ရပ်စဲသွားမယ့်အရိပ်အယောင် မရှိဖြစ်နေချိန်မှာ ထိုင်းနိုင်ငံဟာလည်း နိုင်ငံအတွင်း သမားရိုးကျမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေအတွက် စိုးရိမ် ထိတ်လန့်ဖွယ်ကောင်းတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စအတွက် ရေရှည် ထိရောက် အကျိုးရှိမယ့် ဖြေရှင်းမှုတွေ မလုပ်နိုင်ဘူးဆိုရင် စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးအပါအဝင် ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအလုံးစုံအပေါ် ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။
ဒါ့ကြောင့်ပဲ မစ္စဖဲထောင်းထန်းအစိုးရအနေနဲ့ ဒီဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှု အရေးကို ဦးစားပေး ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားသင့်သလို ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝရပ်တည်နေထိုင်မှုကို မြှင့်တင်ပေးနိုင်မယ့် လုပ်ငန်းစဉ်ယန္တရားအသစ်တွေကိုလည်း ဖော်ဆောင်သွားသင့်ပါတယ်။ ဒါပေမဲ့ ဒါဟာ အစိုးရအတွက် ကြီးလေးတဲ့ တာဝန်ကြီးတရပ်လည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နေရပ်စွန့်ခွာခဲ့ရသူတွေ၊ နိုင်ငံရေးဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဘေးဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသူတွေအပါအဝင် ထိုင်းနိုင်ငံဘက်ကို နည်းလမ်းပေါင်းစုံနဲ့ ရွှေ့ပြောင်းခိုလှုံသူ အရေအတွက်ဟာ သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံမှုမရှိသမျှ ကာလပတ်လုံး ထိုင်းနိုင်ငံအနေနဲ့ ဒီလို ပုံမှန်မဟုတ်တဲ့ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ ဆက်လက် ရင်ဆိုင် ကြုံတွေ့နေရဦးမှာပဲ ဖြစ်ပါတယ်။
မကြာသေးခင်အချိန်က ထိုင်းအောက်လွှတ်တော်ရဲ့ ဥပဒေ၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မတီဟာ သမားရိုးကျမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုကို လေ့လာဆန်းစစ် အကဲဖြတ်ထားတဲ့ အစီရင်ခံစာတရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာဟာ ရွှေ့ပြောင်းအရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်အနေနဲ့ ရေရှည်ထိရောက် ကောင်းမွန်မယ့် ဖြေရှင်းချက်တွေ လိုအပ်နေမှုကို မီးမောင်းထိုးပြခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ သမားရိုးကျမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို လေ့လာ အကဲဖြတ်သွားနိုင်ဖို့နဲ့ သတင်းအချက်အလက်တွေ ကောက်ယူနိုင်ဖို့အတွက် အထူးဆပ်ကော်မတီတရပ်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဖွဲ့စည်းခဲ့ပါတယ်။
ကော်မတီရဲ့ အဓိကတာဝန်ကတော့ အကူအညီလိုအပ်နေသူတွေထံကို လူသားချင်းစာနာမှု အထောက်အပံ့တွေ ရောက်ရှိရေးမှာ နှောင့်နှေးစေတဲ့ အရာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်စေနိုင်တဲ့ တရားဝင် ယိုပေါက်တွေနဲ့ ရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်တဲ့ ရှိနှင့်ပြီးသား ဥပဒေတွေကို ပြန်လည်ဆန်းစစ်သွားရေး စတဲ့ အချက်တွေကို ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှုနဲ့ အလုပ်လုပ်ကိုင်မှုတို့ကို သမားရိုးကျမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုအဖြစ် သတ်မှတ်ထားပါတယ်။ နောက်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကိုလည်း နေရပ်စွန့်ခွာလာသူ၊ နိုင်ငံမဲ့သူနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပါဝင် အထောက်အထားမဲ့သူ စသဖြင့် အုပ်စု ၃ စု ခွဲခြား သတ်မှတ်ထားပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေဟာ အဓမ္မ အလုပ်စေခိုင်းခံရမှုနဲ့ လူမှောင်ခိုကူးခံရမှု လမ်းကြောင်းတွေကနေ ခေါင်းပုံဖြတ်ခံရလေ့ရှိတဲ့ သူတွေလည်း ဖြစ်ပါတယ်။
အခုနှစ် မတ်လအထိ ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ အလုပ်အကိုင်နေရာချထားရေးဌာနရဲ့ အစီရင်ခံဖော်ပြချက်အရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် မှတ်ပုံတင်ထားသူ ဦးရေဟာ ၃,၄၁၅,၇၄၄ ဦး ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားမဝင် နေထိုင်သူဦးရေကတော့ ခန့်မှန်းခြေအားဖြင့် ၅ သန်းကျော်လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်နယ်ဆိုင်ရာ အထွေထွေစီမံအုပ်ချုပ်ရေးဌာနရဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရ အထောက်အထားမဲ့သူနဲ့ နိုင်ငံမဲ့သူ အရေအတွက်ဟာ ၅၈၆,၅၄၈ ဦးရှိတယ်လို့ သိရပြီး မြေပြင်မှာ အမှန်တကယ် အရေအတွက်ဟာ ဒီထက်မက ရှိနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ နေရပ်စွန့်ခွာလာသူပေါင်း ၁၅၆,၀၀၀ ဟာလည်း ကီလိုမီတာ ၂၄၀၀ ရှည်လျားတဲ့ နယ်စပ်တလျှောက်ရှိ ယာယီ ခိုလှုံရာစခန်းတွေမှာ နေထိုင်နေကြရပါတယ်။ အဲဒီအရေအတွက်ထဲမှာ နယ်စပ်ယာယီစခန်း ၉ ခုမှာ ရှိရင်းစွဲ နေထိုင်နေသူ ၈၅,၀၀၀၊ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူ ၅၁,၀၀၀ နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ စာရင်းမသွင်းရသေးတဲ့ နောက်ထပ် နေ့ရပ်စွန့်ခွာလာသူ ၂၀,၀၀၀ တို့ ပါဝင်ပါတယ်။
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အာရှသုတေသနစင်တာမှ ဒေါက်တာ ဆူပန်ချန်တာဝါနစ်ရှ် ကတော့ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုရင် လူမှုအသိုက်အဝန်း တရပ်လုံးပါဝင်တဲ့ ချဉ်းကပ်မှုပုံစံကို အသုံးပြု သွားဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။
ဒီချဉ်းကပ်မှုပုံစံမှာတော့ အစိုးရ၊ ပုဂ္ဂလိက၊ လွှတ်တော်၊ ကုန်သွယ်ရေးသမဂ္ဂ၊ အရပ်ဘက်နဲ့ ဒေသခံအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေ၊ ပညာရေး၊ သတင်းမီဒီယာ၊ တခြားသက်ဆိုင်ရာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေနဲ့ ရွှေ့ပြောင်းသွားလာသူတွေ စသဖြင့် နယ်ပယ် ကဏ္ဍပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ စုပေါင်းအားနဲ့ ညှိနှိုင်းပေါင်းစပ် အတူလက်တွဲ ဆောင်ရွက်သွားကြရမယ့် နည်းလမ်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့လည်း တရားမဝင် ဒါမှမဟုတ် စာရွက်စာတမ်း အထောက်အထားအတုတွေနဲ့ စသဖြင့် မြန်မာနိုင်ငံက ဝင်ရောက်လာတဲ့ သမားရိုးကျမဟုတ်တဲ့ ရွှေ့ပြောင်းသွားလာမှုအရေးကို ဖြေရှင်းနိုင်ဖို့အတွက် လက်ရှိ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေကို ပြောင်းလဲသွားသင့်ပါတယ်။
ထိုင်းနိုင်ငံ လူဦးရေရဲ့ အသက်အရွယ်ပိုင်းခြားအရ အလုပ်လုပ်နိုင်တဲ့သူ အရေအတွက်ဟာ လျော့ကျလာချိန်မှာ နိုင်ငံရဲ့ စီးပွားရေးကို ဆက်ထိန်းထားနိုင်ဖို့အတွက် နိုင်ငံဟာ အလုပ်သမားတွေ ပိုမိုလိုအပ်လာနိုင်ဖွယ်ရှိပြီး ဒီလိုအပ်ချက်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဖြည့်ဆည်းပေးနိုင်ခြေ ရှိပါတယ်။
ဒါကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အမျိုးသားလုံခြုံရေးအပေါ် ထိခိုက်လာနိုင်တဲ့ အန္တရာယ်တွေအဖြစ် တဖက်သတ် ရှုမြင်ကြမယ့်အစား နိုင်ငံရဲ့ လုပ်အားနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ သူတို့တွေ ဘယ်လို ပါဝင်နိုင်မလဲ ဆိုတာကိုပဲ ထိုင်းနိုင်ငံအနေနဲ့ ထည့်သွင်း စဉ်းစားသင့်ပါတယ်။
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ ဒါမှမဟုတ် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို မှန်မှန်ကန်ကန်နဲ့ ထိရောက်တဲ့ စီမံခန့်ခွဲတာတွေ မလုပ်ဆောင်နိုင်ဘူးဆိုရင် နယ်စပ်ထိန်းချုပ်ရေးနဲ့ တရားမဝင် ဝင်ရောက်မှု တားဆီးရေးတို့လို လုံခြုံရေးကိုပဲ အဓိကထား ဆောင်ရွက်နေတဲ့ လက်ရှိ ချဉ်းကပ်ပုံ နည်းလမ်းတွေဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ထိုင်းလွှတ်တော်ရဲ့ လေ့လာတွေ့ရှိချက်ထဲမှာတော့ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ ပြဿနာ ၈ ခုကို ထောက်ပြထားပါတယ်။ အဲဒါတွေကတော့ ရှင်းလင်းတိကျတဲ့ မူဝါဒတွေမရှိတာ၊ ဆုံးဖြတ်ချက် ချမှတ်ရေးနဲ့ စီမံခန့်ခွဲရေးတွေမှာ ဗဟိုက ချုပ်ကိုင်ထားတာ၊ အချိန်တွေကြာပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေရှိနေတာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးတို့လို အခြေခံအခွင့်အရေးတွေနဲ့ ဝန်ဆောင်မှုတွေ ရရှိရေးမှာ ကန့်သတ်ချက်တွေ ရှိနေတာ၊ တရားဝင်နေထိုင်ခွင့်၊ အမြဲနေထိုင်ခွင့်နဲ့ ထိုင်းနိုင်ငံသားခံယူခွင့်တွေနဲ့ပတ်သက်ပြီး သက်သေခံ အထောက်အထားတွေ ရရှိဖို့ အခက်အခဲတွေ ရှိနေတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပါက တရားမျှတမှုနဲ့ ကုစားမှုတွေ ကင်းမဲ့နေတာ စတဲ့ ပြဿနာတွေ ရှိနေပါတယ်။
နောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ ဝန်ဆောင်မှုတွေ ရရှိရေး၊ သက်သေခံ တရားဝင် အထောက်အထားတွေ ထုတ်ပေးမှုကို တိုးမြှင့်လုပ်ဆောင်သွားရေး၊ စီမံခန့်ခွဲရေး ယန္တရားတွေကို မြှင့်တင်ပြီး သက်ဆိုင်ရာ အလုပ်သမားဥပဒေတွေကို ပြင်ဆင်သွားရေး စတဲ့ အကြံပြုချက်တွေကိုလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် မြန်မာနိုင်ငံကို မပြန်နိုင်တဲ့သူတွေ ဒါမှမဟုတ် ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် ဥပဒေသစ်တရပ်ကိုလည်း ရေးဆွဲ ပြဋ္ဌာန်းသွားဖို့ အစီရင်ခံထဲမှာ အကြံပြုထားပါတယ်။
ဒါပေမဲ့လည်း ဒီအဆိုပြုချက်တွေဟာ ပြောရတာ လွယ်သလောက် တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ဖို့က ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းလွှတ်တော်အမတ်တွေရဲ့ သဘောထားတွေဟာ တူညီတဲ့ အနေအထားမှာ ရှိမနေလို့ပါ။ အလားတူ ဝန်ကြီးတွေဟာလည်း ဘဏ္ဍာငွေ ကန့်သတ်ချက်တွေနဲ့အတူ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုသလို ကျဉ်းမြောင်းတဲ့ အမြင်တွေနဲ့ ထင်ရာ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။
တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တဲ့ ဓလေ့စရိုက်တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် တာဝန်ရှိသူတွေ၊ မူဝါဒရေးဆွဲသူတွေအနေနဲ့ ရေရှည်အကျိုးရှိမယ့် ဖြေရှင်းချက်တွေကို အသုံးပြုပြီး တူညီတဲ့ ပန်းတိုင်အောက်မှာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ဆိုရင် ရှိရင်းစွဲ လုပ်ငန်းစဉ်ပုံစံတွေကို မဖြစ်မနေ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။
ဒါတင်မက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နိုင်ငံမဲ့သူတွေရဲ့ ကလေးငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအခွင့်အရေးတွေကို မြှင့်တင်ပေးနိုင်မယ့် မူဝါဒတွေ ရေးဆွဲဖော်ဆောင်သွားဖို့ လိုအပ်သလို အထောက်အထား ရှိ၊ မရှိနဲ့ နိုင်ငံသားဖြစ်တည်မှုကို ခွဲခြားခြင်း မရှိစေဖို့ နိုင်ငံရဲ့ မွေးစာရင်း မှတ်ပုံတင်စနစ်ကိုလည်း မြှင့်တင်သွားဖို့အတွက် ထိုင်းလွှတ်တော်အနေနဲ့ အစိုးရကို တိုက်တွန်းသွားဖို့ အရေးကြီးလှပါတယ်။
သမားရိုးကျမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဆက်စပ်တဲ့ စိန်ခေါ်မှုတွေကို ဒေသအာဏာပိုင်တွေ သတိပြု နားလည်ဖို့ အထူးလိုအပ်လှပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ မြန်မာစစ်တပ်က စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက်ဟာ တဟုန်ထိုး မြင့်တက်လာခဲ့တာကို သတိချပ်ကြစေလိုပါတယ်။
စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဦးကတော့ သမားရိုးကျမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုအခြေအနေကို မြှင့်တင်နိုင်မယ့် အချက် ၃ ချက်ကို အကြံပြု ပြောကြားထားပါတယ်။
“ပထမအချက်အနေနဲ့ အလုပ်အကိုင်နေရာချထားရေး လုပ်ငန်းစဉ်ဟာ သွက်လက်မြန်ဆန်ပြီး ကုန်ကျစရိတ် နည်းရပါမယ်။ ဒုတိယအနေနဲ့ ဒေသခံစီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ အံဝင်ခွင်ကျဖြစ်စေဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ တတိယအချက်အနေနဲ့ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေက လွှဲလိုက်တဲ့ လုပ်ခလစာတွေကို မိသားစုအပြင် ပဋိပက္ခအလွန် တိုင်းပြည် ပြန်လည်ထူထောင်ရေးကာလမှာ အကျိုးရှိရှိ အသုံးပြုသွားသင့်တယ်။”
ဒီအဆိုပြုချက်တွေနဲ့ အကြံပြုချက်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် မျှော်လင့်ချက်တွေ မြင့်တက်စေပေမဲ့ ဒီအကြံဉာဏ်တွေကို လက်တွေ့ အသုံးချ၊ မချဆိုတာကတော့ အစိုးရသစ်အပေါ်မှာပဲ မူတည်နေပါတယ်။
ထပ်မံ အကြံပြုလိုတဲ့အချက်က ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပမ်ပရီ ဘဟိဒါနုကာရ တည်ထောင်ခဲ့တဲ့ မြန်မာ့အရေးဆိုင်ရာ အမျိုးသားကော်မတီကို လူသစ်တွေနဲ့ အစားထိုးသွားသင့်ပါတယ်။
လက်ရှိ နိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်ဆန်ငဲမ်ဖုန်ဆာအနေနဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ စုံစမ်းထောက်လှမ်းရေးဌာနတွေက အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်တဲ့ ကော်မတီအသစ်ကို ဦးစီးသွားသင့်ပြီး ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ် လက်မှတ်ရေးထိုးလိုက်တာနဲ့ ကော်မတီဟာ အာဏာတည်စေမှာ ဖြစ်ပါတယ်။
ဒီကော်မတီရဲ့ အဓိကတာဝန်တွေထဲမှာ မြန်မာ့အရေးကို စောင့်ကြည့်အကဲဖြတ်ရေး၊ သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ညှိနှိုင်း အကြံပြုချက်တွေ ထောက်ပံ့ရေးနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ပြည်သူတွေထံ အချိန်နဲ့တပြေးညီ မျှဝေရေး စတဲ့ တာဝန်တွေ ပါဝင်ပါတယ်။
ဒါ့ကြောင့် ကော်မတီဟာ အာဆီယံက ချမှတ်ထားတဲ့ မူဘောင်အောက်မှာ နှစ်နိုင်ငံကြားဖြစ်စေ၊ နိုင်ငံပေါင်းစုံနဲ့ဖြစ်စေ မြန်မာ့အကျပ်အတည်းကို အဖြေရှာရာမှာ အကျိုးရှိ ထိရောက်ပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ထိုင်းနိုင်ငံ ပါဝင်နိုင်စေဖို့ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့ ကော်မတီသစ်အနေနဲ့ ဆပ်ကော်မတီတွေ ခန့်အပ်နိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာရှိတဲ့အတွက် လွှတ်တော်ရဲ့ အစီရင်ခံစာထဲမှာပါရှိတဲ့ အချက်တွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆို ဆောင်ရွက်လို့ ရနိုင်ပါတယ်။
အဲဒီလို မဆောင်ရွက်ဘူးဆိုရင်တော့ သမားရိုးကျမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေဟာ နိုင်ငံရဲ့ အနာဂတ်မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာစေနိုင်တဲ့ ချိန်ကိုက်ဗုံးတလုံးကို ဖြစ်လာနိုင်ပါကြောင်း…။
ကဝီချောင်ကစ်တာဗွန်
ဘာသာပြန်- ရာစုသစ်
(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဝါရင့်သတင်းစာဆရာ Kavi Chongkittavorn ရေးသားထားသည့် “Solving the Myanmar migrant surge” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ )