
ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့က ရေဘေးသင့် မြန်မာရွှေ့ပြောင်းလုပ်သား ညီအစ်ကို ၂ ယောက်ဟာ အခုအပတ်က ထွက်သွားတဲ့ ထိုင်းထီ ပထမဆု ပေါက်ဂဏန်း ၄၆၁၂၅၂ နှစ်စောင်တွဲပေါက်ပြီး ဆုငွေ ဘတ်၁၂ သန်း (ဘတ်သိန်း ၁၂၀) ရရှိသွားပါတယ်။
အဆိုပါညီအစ်ကို ၂ ယောက်ဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး ဟတ်ယိုင်မြို့ပြင် သစ်ထုတ်လုပ်ရေးစက်ရုံမှာ အလုပ်လာလုပ်နေကြသူတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဟတ်ယိုင်ရေကြီးတော့ ရေဘေးရှောင်ရင်း အလှူရှင်တယောက်ကပေးတဲ့ ထမင်းဖိုးထဲကနေ ထီ ၂ စောင် ဝယ်ယူရာမှာ ကံထူးစွာနဲ့ နှစ်စောင်လုံး ပထမဆုပေါက်သွားတာလို့ ဟတ်ယိုင်မှာ ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဘရီက ပြောပါတယ်။
“မြန်မာအလုပ်သမားက ရေဘေးရှောင်ရင်းကနေ ထီထိုးတာ၊ ပထမဆု ထီ ၂ စောင်တွဲ ပေါက်တယ်။ ဘတ် ၁၂ သန်းရတယ်။ မနေ့က ကျနော်ကိုယ်တိုင် ဘန်ကောက်ကိုလိုက်ပို့ပြီး ထိုင်းနိုင်ငံရဲ့ ထီဗဟိုရုံးမှာပဲ သွားထုတ်လို့ ပြီးစီးပါပြီခင်ဗျ။”
ရေဘေးအခက်အခဲကြုံနေရတဲ့ အချိန်မှာ ကံထူးပြီးတော့ အခုလို ထီပေါက်သွားတော့ သူတို့နဲ့ထပ်တူ ဝမ်းသာအားရဖြစ်မိတယ်လို့လည်း ကိုဘရီက ပြောပါတယ်။
“အဆိုးထဲက အကောင်းပေါ့။ သူတို့ဘဝအတွက် အပြောင်းအလဲတခု ဖြစ်သွားတယ်။ တခြားသော ရေဘေးကြုံရသူတွေကိုလည်း ပြန်ကူညီရဖို့ အခွင့်ကောင်းတခု ပေါ်လာတယ်။ မြန်မာပြည်ကိုတော့ ပြန်လို့မရသေးဘူး။ ဒီလိုအခြေအနေမှာ ထိုင်းမှာ ဆက်နေရဦးမယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး AAC ရွှေ့ပြောင်းလုပ်သားကူညီရေး မဟာမိတ်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီး ကလည်း သူ့ရဲ့လူမှုကွန်ရက်မှာ “ထီပေါက်သွားတဲ့ ညီအစ်ကိုဟာ ဟတ်ယိုင်မြို့နဲ့ ကီလိုမီတာ ၁၀၀ လောက်ဝေးတဲ့ နေရာမှာ ပန်းရံအလုပ်လုပ်နေတုန်း သူတို့နေတဲ့ အလုပ်သမားတန်းလျားတခုလုံး ရေထဲမျောပါသွားတယ်။ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ညအချိန်မတော် လာကယ်ပေးလို့ အသက်ရှင်ခဲ့တယ်။ ကယ်ဆယ်ရေးဝန်ထမ်း အမျိုးသမီးက ထမင်းဖိုး ဘတ် ၅၀၀ ပေးသွားတယ်။ ဘန်ကောက်မှာ အလုပ်သွားရှာမယ်ဆိုပြီး ထွက်လာတော့ လမ်းမှာ ထီရောင်းတဲ့မိန်းကလေး တယောက်နဲ့ တွေ့တယ်။ ထီရောင်းသူက ရေကြီးနေလို့ ရောင်းမကောင်းလို့ဆိုပြီး လက်ထဲ ထီအတင်းထိုးပေးတာမှာ အားနာလို့ ထမင်းအငတ်ခံပြီး ဝယ်လိုက်တာ။ အဲဒီလက်မှတ် ၂ စောင်ကနေ ကံထူးသွားတာ” လို့ ရေးသားထားပါတယ်။
မြန်မာအလုပ်သမား ညီအစ်ကိုအနေနဲ့ ထိုင်းထီပေါက်တဲ့အထဲက ငွေကြေး တချို့ကို ရေဘေးကြုံရတဲ့ ဘဝတူအလုပ်သမားတွေကို ပြန်ကူညီဖို့ရှိသလို အလှူအတန်းတွေလည်း လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။


