
အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသူလေးကို မုဒိမ်းကျင့်ခံတဲ့ ပဲခူးမြို့နယ် အင်းတကော်မြို့က အမျိုးသားကို ဒီကနေ့ ဒီဇင်ဘာ ၃ ရက် မနက်မှာ ပဲခူးခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂၅ နှစ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“အမှုက ဒီနှစ် စက်တင်ဘာလထဲမှာဖြစ်တာ။ တရွာတည်းသားအချင်းချင်း စောင့်ရှောက်ရမှာကို လူမဆန်တဲ့ အလုပ်လုပ်လို့ ပုဒ်မ ၂ ခုနဲ့ အမိန့်ချလိုက်တာ။ ၃၇၆ (၃) အရ ထောင်ဒဏ် အနှစ် ၂၀၊ ၃၇၇ အရ ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၂ နှစ်ခုစလုံးမှာ အလုပ်ကြမ်းတွေ ထည့်ထားတယ်၊”
အဆိုပါအမှုမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က ပဲခူးမြို့နယ် အင်းတကော်မြို့ ကိုကြွယ်ကုန်းကျေးရွာမှာဖြစ်ခဲ့ပြီး တရားခံဖြစ်သူ နိုင်နိုင် (ခ) နိုင်လင်းဝေက အသက် ၁၁ ရွယ်အရွယ် ၄ တန်းကျောင်းသူလေးကို ၃ ကြိမ်တိုင်အောင် မုဒိမ်းကျင့်ခဲ့ပြီး ကျေးရွာက ဖမ်းဆီးပြီး ရဲစခန်းပို့ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကလည်း တောင်ငူမှာ အသက် ၁၂ နှစ်အရွယ် သမီးငယ်ကို မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူအား တောင်ငူခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၆၀ ချမှတ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုအတွင်း ပဲခူးတိုင်းမှာ သက်ငယ်မုဒိမ်းမှု ၃၆မှုနဲ့ မုဒိမ်းမှု ၄၂ မှုဖြစ်ခဲ့ပြီး အမှုပေါင်း ၇၈ မှုထဲက ၅ ယောက်ကို သေဒဏ်နဲ့ ၇ ယောက်ကို ထောင်တသက်တကျွန်းချခဲ့ပြီး ကျန်အမှုတွေကို စစ်ဆေးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။


