Home
ဆောင်းပါး
မြန်မာစစ်ခေါင်းဆောင်တွေ ဘယ်လာရုစ်အာဏာရှင်ထံက ဘာတွေဘယ်လိုသင်ယူမလဲ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
December 3, 2025

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက မြန်မာပြည်ကို တရားဝင်လာလည်မယ်လို့ မကြာသေးခင်ကပဲ ပြောလိုက်ပါတယ်။ (နိုဝင်ဘာ ၂၇ ရက်မှာတော့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုဟာ တရားဝင်ခရီးစဉ်အဖြစ် နေပြည်တော်ကို ရောက်ရှိလာပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။) ပုံမှန်အခြေအနေဆိုရင်တော့ ဒီခရီးစဉ်က သိပ်ထူးခြားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြစ်နေချိန်မှာ နိုင်ငံခြားခေါင်းဆောင်တယောက် နေပြည်တော်ကို လာလည်တယ် ဆိုတာက လူစိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ လူကာရှန်ကို ပြောကြားချက်အရ ဒီခရီးစဉ်ဟာ နိုင်ငံတကာခရီးစဉ်ကြီးတခုရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ အိုမန်၊ အယ်လ်ဂျီးရီးယားနဲ့ ကာဂျစ္စတန်နိုင်ငံတွေကိုလည်း သွားမယ်လို့ သူကဆိုပါတယ်။ ဒီခေါင်းဆောင်နှစ်ယောက်ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာတင် ၄ ကြိမ် တွေ့ဆုံပြီးပါပြီ။ မတ်လတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မင့်စ်မြို့ (ဘယ်လာရုစ်မြို့တော်) ကို သွားတုန်းကတခါ၊ မေလတုန်းက မော်စကိုမှာလုပ်တဲ့ အောင်ပွဲနေ့အခမ်းအနားမှာ တခါ၊ ဇွန်လတုန်းက ယူရေးရှီးယား စီးပွားရေးဖိုရမ်မှာ တကြိမ်နဲ့ စက်တင်ဘာလတုန်းက ပေကျင်းမှာလုပ်တဲ့ စစ်ရေးပြပွဲမှာလည်း တွေ့ခဲ့ကြပါသေးတယ်။ ဒါကြောင့် အခုခရီးစဉ်ကတော့ အပြန်အလှန်သဘောမျိုး လာလည်တာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုကောင်းလာအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။

သူတို့နှစ်နိုင်ငံဟာ ကဏ္ဍစုံအတွက် သဘောတူညီချက် ၁၈ ခု လက်မှတ်ထိုးဖို့ စီစဉ်ထားကြပါတယ်။ အဲဒီအထဲမှာ ကမ္ဘာလှည့်ခရီးသွားဗီဇာ ကင်းလွတ်ခွင့်၊ မြန်မာ့အာကာသအေဂျင်စီနဲ့ ဘယ်လာရုစ် သိပ္ပံအကယ်ဒမီတို့ ပူးပေါင်းဆောင်ရွက်မဲ့ ကိစ္စ၊ ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးမဲ့ သဘောတူညီချက်တွေလည်း ပါပါတယ်။ မြန်မာ့အတိုက်အခံ မီဒီယာတွေကတော့ ဘယ်လာရုစ်က မြန်မာစစ်တပ်အရာရှိတွေကို စစ်ပညာသင်ပေးမဲ့ ကိစ္စတွေ၊ ဒရုန်းတွေရောင်းမဲ့ကိစ္စတွေကို ပြောကြပါလိမ့်မယ်။ လောလောဆယ် ကြည့်ရတာတော့ “အပယ်ခံအချင်းချင်း လက်တွဲခြင်း” ပုံစံမျိုး ဖြစ်နေပါတယ်။ နှစ်နိုင်ငံစလုံးက ပိတ်ဆို့အရေးယူမှုတွေ ခံနေရသလို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့လည်း စွပ်စွဲခံထားရတာကြောင့်ပါပဲ။ ဒါပေမဲ့ လူကာရှန်ကိုရဲ့ ခရီးစဉ် နောက်ကွယ်မှာ ဒီထက်ပိုတဲ့ အကြောင်းရင်းတွေ ရှိနိုင်မလား။ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဘယ်လာရုစ် မိတ်ဖက်ဆီကနေ သင်ခန်းစာယူစရာ နည်းဗျူဟာတွေ ရှိမလား။ မြန်မာ-ဘယ်လာရုစ် ဆက်ဆံရေးရဲ့ လူသိနည်းသေးတဲ့ ရှုထောင့်တွေကို ဆွေးနွေးကြည့်ရအောင်ပါ။

ယူကရိန်းနဲ့ မြန်မာ့အရေးမှာ လူကာရှန်ကိုက ကြားဝင်စေ့စပ်ပေးသူ ဖြစ်လာနိုင်သလား

လူကာရှန်ကို,ကို ရုရှားရဲ့ ရုပ်သေးရုပ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဘယ်လာရုစ်နိုင်ငံရေးက တော်တော်ရှုပ်ထွေးပါတယ်။ လူကာရှန်ကိုဟာ အရင်တုန်းက စုပေါင်းလယ်ယာအကြီးအကဲဟောင်း တယောက်ပါ။ ၁၉၉၄ ခုနှစ် ရွေးကောက်ပွဲမှာ အာဏာရလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဘယ်လာရုစ်လူထုဟာ ဆိုဗီယက်ခေတ်ကို လွမ်းဆွတ်နေကြချိန်ပေါ့။ ဈေးကွက်စီးပွားရေးစနစ်ကို ကူးပြောင်းသွားတဲ့ဒဏ်ကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျဆင်း၊ ကုန်ဈေးနှုန်းတွေတက်ပြီး ရာဇဝတ်မှုတွေ များပြားနေချိန်ပေါ့။ အနာဂတ်ကလည်း မရေမရာ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူကြိုက်များတဲ့ လူငယ်ခေါင်းဆောင် လူကာရှန်ကိုဟာ လူထုငြီးငွေ့နေတဲ့ အာဏာပိုင်လူတန်းစားကို ရဲရဲတင်းတင်း ဝေဖန်ပြီး အာဏာရလာခဲ့တာပါ။

တချိန်တည်းမှာပဲ လူကာရှန်ကိုက ရုရှားနဲ့ ပေါင်းစည်းရေးကို ထောက်ခံပြီး အနောက်လိုလားတဲ့ ဘယ်လာရုစ် အမျိုးသားရေးဝါဒကို ဆန့်ကျင်ကြောင်း ကြေညာခဲ့ပါတယ်။ သူပေးထားတဲ့ ကတိတွေအတိုင်းလည်း လုပ်ခဲ့ပါတယ်။ လူထုရဲ့ လူမှုဘဝလုံခြုံမှုကို ပိုကောင်းအောင် လုပ်ပေးနိုင်ခဲ့တယ်။ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းခဲ့တယ်။ အတင်းအဓမ္မ “ဘယ်လာရုစ်ဇာတ်သွင်းခြင်း” (ဘယ်လာရုစ်စကားပဲ ပြောခိုင်းတာမျိုး) ကို ရပ်တန့်စေခဲ့ပါတယ်။ (ဘယ်လာရုစ်လူမျိုး အများစုက နေ့စဉ်ဘဝမှာ ရုရှားလို ပြောရတာကို ပိုကြိုက်ကြပြီး အတိုက်အခံတွေက ဘယ်လာရုစ်လိုပဲ ပြောရမယ်လို့ တိုက်တွန်းတာကို သိပ်သဘောမကျကြပါဘူး)။

ဒါပေမဲ့ လူကာရှန်ကိုဟာ ဘယ်လာရုစ်နိုင်ငံရဲ့ လွတ်လပ်ရေးကိုတော့ အမြဲတမ်း ကာကွယ်ခဲ့ပါတယ်။ တခါတလေဆို ရုရှား(မော်စကို) နဲ့တောင် ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။ ၂၀၀၀ ပြည့်နှစ်တွေတုန်းက မင့်စ်နဲ့ မော်စကိုကြားမှာ “စွမ်းအင်စစ်ပွဲ” တွေ အကြီးအကျယ် ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ရုရှားနိုင်ငံပိုင် ကုမ္ပဏီ Gazprom က ဘယ်လာရုစ်ကို ပေးထားတဲ့ ရေနံဈေးသက်သာခွင့်တွေကို ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီအခါ ဘယ်လာရုစ်ခေါင်းဆောင်တွေ ဒေါသထွက်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။ ရုရှားရေနံဖြတ်သန်းခ အတွက် အခွန်တွေ တိုးကောက်လိုက်သလို ပိုက်လိုင်းထဲက ရေနံတွေကိုလည်း စုပ်ယူပစ်လိုက်ပါတယ်။ ဒီတော့ မော်စကိုဘက်ကပဲ လျှော့ပေးလိုက်ရပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ရုရှားက သဘာဝဓာတ်ငွေ့ဖိုး အကြွေးတွေဆပ်ဖို့ လူကာရှန်ကို,ကို တောင်းဆိုပြန်ပါတယ်။ လူကာရှန်ကိုကလည်း ရုရှားက သူတို့ကို ပေးစရာရှိတဲ့ အကြွေးအကြောင်း ပြန်တောင်းပါတယ်။ ရုရှားရုပ်သံလိုင်းတွေမှာ လူကာရှန်ကို,ကို တိုက်ခိုက်တဲ့ ဝါဒဖြန့်ဇာတ်လမ်းတွေတောင် ပြသခဲ့ပါတယ်။ နောက်ဆုံးတော့ နှစ်ဖက် အကြွေးပြဿနာ ပြေလည်သွားပါတယ်။ ဒါပေမဲ့ မင့်စ်ဘက်ကတော့ ဆိုဗီယက်နိုင်ငံဟောင်းတွေကြားမှာ သူတို့ရဲ့ မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကာကွယ်နိုင်ခဲ့တယ်ဆိုပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ Gazprom ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအတွင်းမှာ ဘယ်လာရုစ်ခေါင်းဆောင်ဟာ ရုရှားပြည်တွင်းက ခရိုနီဆန့်ကျင်ရေး စိတ်ဓာတ်တွေကို မီးမွှေးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရုရှားလက်ဝဲယိမ်း အတိုက်အခံတွေကြားမှာ လူကြိုက်များလာခဲ့ပါတယ်။ ရုရှားနဲ့ ဘယ်လာရုစ် ပေါင်းစည်းကြမယ် ဆိုရင် လူကာရှန်ကိုက သမ္မတဖြစ်လာနိုင်တယ်လို့တောင် တချိန်က ထင်ကြေးပေးခဲ့ကြဖူးပါတယ်။ ဆိုဗီယက်ခေတ်ကို လွမ်းဆွတ်တဲ့ ရုရှားသက်ကြီးပိုင်းတွေကြားမှာဆိုရင် လူကာရှန်ကိုရဲ့ လူကြိုက်များမှုက ပူတင်နဲ့တောင် ယှဉ်နိုင်ခဲ့ပါတယ်။

“ဘက်ပေါင်းစုံ ဆက်ဆံရေးမူဝါဒ” ဆိုတာ ဘယ်လာရုစ် နိုင်ငံခြားရေးဝါဒရဲ့ အမှတ်တံဆိပ်တခု ဖြစ်လာပါတယ်။ ရုရှားနဲ့ အီးယူ/အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာတဲ့အခါ မင့်စ်အစိုးရက သက်ဆိုင်သူအားလုံးနဲ့ ဆက်ဆံရေးကို ထိန်းထားနိုင်ခဲ့ပါတယ်။ ၂၀၁၄-၂၀၂၀ ရုရှား-ယူကရိန်း ပဋိပက္ခ ပထမအဆင့်ကာလတုန်းက လူကာရှန်ကိုဟာ ဘယ်လာရုစ်ကို ကြားနေနယ်မြေအဖြစ် ရပ်တည်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်း ဆွေးနွေးပွဲတွေအတွက် နေရာပေးခဲ့တာပါ။ ဘယ်လာရုစ်ရဲ့ သံတမန်ရေးရာ အောင်မြင်မှုတခုကတော့ ၂၀၁၄-၂၀၁၅ မှာ မင့်စ်သဘောတူညီချက်တွေကို လက်မှတ်ထိုးနိုင်ခဲ့တာပါပဲ။ အဲဒီမှာ ရုရှားနဲ့ ယူကရိန်းတင်မကဘဲ ဂျာမနီနဲ့ ပြင်သစ်တို့ပါ ပါဝင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုရှားလိုလားတဲ့ စကားတွေ ပြောနေပေမဲ့ လူကာရှန်ကိုဟာ ယူကရိန်းစစ်တပ်ဆီကို ဒီဇယ်ဆီတွေ ဆက်ရောင်းနေခဲ့ပါတယ်။ (ရုရှားရေနံကနေ ထုတ်ထားတဲ့ ဆီတွေပါ)။

လူကာရှန်ကိုဟာ ဘက်ပေါင်းစုံ သံတမန်ရေးရာမှာပဲ အာရုံရောက်နေပြီး ဘယ်လာရုစ် လူ့အဖွဲ့အစည်းရဲ့ ပြောင်းလဲလာတဲ့ သဘောထားကို သတိမထားမိခဲ့ပါဘူး။ လူတွေက ပြိုင်ဘက်မရှိတဲ့ ခေါင်းဆောင်ကြီးကို ငြီးငွေ့လာကြပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ မဲလိမ်ထားတာပဲဆိုတဲ့ ယုံကြည်ချက်ကြောင့် လူတွေ လမ်းပေါ်ထွက်လာကြပါတယ်။ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ဖြစ်လာတော့ လူကာရှန်ကိုက ခဏတဖြုတ် အလျှော့ပေးသလို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းပါတော့တယ်။

တော်လှန်ရေးဖြစ်မဲ့ အခြေအနေနဲ့ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ကြုံလာရတဲ့ အချိန်ကျမှ မင့်စ်အစိုးရဟာ မော်စကိုနဲ့ ပိုနီးကပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ အမေရိကန်နဲ့ အီးယူက အတိုက်အခံကို မြှောက်ပေးတယ်လို့ စွပ်စွဲသလို ဆန္ဒပြပွဲတွေဟာ “တရားဝင်သမ္မတကို ဖြုတ်ချဖို့ ရုရှားသူဌေးကြီးတွေရဲ့ ပူးပေါင်းကြံစည်မှု” လို့လည်း ဝါဒဖြန့်ပါသေးတယ်။ မော်စကိုကသာ သူ့အာဏာမြဲဖို့ ကူညီနိုင်မဲ့ အခြေအနေမျိုးမှာတောင် သူက သူ့အကျိုးစီးပွားအတွက် လွတ်လပ်စွာ လှုပ်ရှားခွင့်ရဖို့ ကြိုးစားနေတုန်းပါပဲ။

ဝါရှင်တန်နဲ့ ဘယ်လာရုစ်ကြား ဆက်သွယ်မှုတွေကတော့ ရှိနေဆဲပါ။ ရုရှားတွေထက်စာရင် ထရမ့်ရဲ့အဖွဲ့နဲ့ ဘယ်လာရုစ်တွေက ပိုပြီး နားလည်မှုရှိပုံ ရပါတယ်။ (ဘယ်လာရုစ်သမ္မတဟာ အမေရိကန်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး ဆွေးနွေးပွဲပြီးတိုင်း ဗော့ဒ်ကာအရက်သောက်ပွဲနဲ့ အဆုံးသတ်လေ့ ရှိပါတယ်)။ တပြိုင်နက်တည်းမှာပဲ ဘယ်လာရုစ်ဟာ ဆိုဗီယက်ဟောင်း နိုင်ငံတွေကြားမှာ သံတမန်ရေးရာ တက်ကြွစွာ လှုပ်ရှားနေပါတယ်။ အထူးသဖြင့် အဇာဘိုင်ဂျန် (မော်စကိုနဲ့ အဆင်မပြေဖြစ်နေတဲ့ကြားက)၊ ပြီးတော့ ဗဟိုအာရှနိုင်ငံတွေနဲ့ ရင်းနှီးပါတယ်။ ပေကျင်း (တရုတ်) ကလည်း လူကာရှန်ကိုအပေါ် သဘောထား ပျော့ပျောင်းပါတယ်။ ဒါကလည်း အကြောင်းအရင်းရှိပါတယ်။ တခြား ဆိုဗီယက်ဟောင်းနိုင်ငံတွေနဲ့ မတူဘဲ ဘယ်လာရုစ်က ကွန်မြူနစ် အမွေအနှစ်တွေကို ဆက်ထိန်းသိမ်းထားလို့ ဖြစ်ပါတယ်။

နေပြည်တော်အတွက် ဘက်ပေါင်းစုံ ဆက်ဆံရေးပုံစံ

မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ အရမ်းလိုလားနေချိန်မှာ လူကာရှန်ကိုက နေပြည်တော်ကို ရောက်လာတာပါ။ ထရမ့်ပ်ရဲ့အဖွဲ့နဲ့ ဆက်သွယ်ဖို့အတွက် မြန်မာဗိုလ်ချုပ်ကြီးတွေက သူတို့ရဲ့ ဘယ်လာရုစ်ကို ကြားခံအဖြစ်သုံးဖို့ စဉ်းစားခဲ့ဖူးသလား ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ အမေရိကန် လော်ဘီကုမ္ပဏီတွေကို ဒေါ်လာသန်းချီ ပုံအောပေးပြီး ဘာရလဒ်မှ မထွက်တာထက်စာရင်တော့ ဒီနည်းလမ်းက ပိုကောင်းပုံရပါတယ်။ ယူကရိန်းကိစ္စနဲ့ပတ်သက်ပြီး ဘယ်လာရုစ် ပါဝင်မဲ့ ဆွေးနွေးပွဲအသစ်ကို ဒီဇင်ဘာမှာ လုပ်ဖို့ရှိပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ အိမ်ဖြူတော်က စိတ်ဝင်စားလာအောင် လူကာရှန်ကို,ကို အခွင့်ကောင်းယူ အသုံးချနိုင်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေအတွက် ဘယ်လာရုစ်နဲ့ မိတ်ဆွေဖြစ်ရတာက ရေတိုအကျိုးစီးပွားတွေ ရှိရုံတင် မကပါဘူး။ ဘက်ပေါင်းစုံဆက်ဆံရေး နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးတဲ့ အတတ်ပညာကိုလည်း ဘယ်လာရုစ်ဆီကနေ သင်ယူနိုင်ပါတယ်။ ရုရှား-ဘယ်လာရုစ် ဆက်ဆံရေး ပုံစံဟာ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဆင်တူပါတယ်။ ဘယ်လာရုစ်ရော မြန်မာပါ နှစ်နိုင်ငံစလုံးဟာ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေ (ရုရှားနဲ့ တရုတ်) ရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့ “နိုင်ငံငယ်” တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကြိုးစားနေကြသူတွေလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကနေ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဟာ ဘယ်လာရုစ်မှာရှိတဲ့ ရုရှားစွမ်းအင်စီမံကိန်းတွေနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ တရုတ်ဆီကနေ စွမ်းအင်လွတ်လပ်ခွင့် ရအောင် ကာကွယ်တဲ့နေရာမှာ ဘယ်လာရုစ်အစိုးရက နေပြည်တော်အတွက် ဆရာကောင်းတဆူ ဖြစ်လာနိုင်ပါတယ်။

ဘယ်လာရုစ် အတွေ့အကြုံကို အခြေခံပြီး မြန်မာပြည် တည်ငြိမ်အောင်လုပ်ခြင်း - အားသာချက်နဲ့ အားနည်းချက်များ

မြန်မာနဲ့ ဘယ်လာရုစ်ကြားမှာ သမိုင်းကြောင်း၊ ရိုးရာဓလေ့၊ ဘာသာရေးနဲ့ လူမျိုးစု ဖွဲ့စည်းပုံတွေ အများကြီး ကွာခြားပါတယ်။ ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံခြားရေးမူဝါဒတင်မက ပြည်တွင်းကဏ္ဍရေးရာ မူဝါဒမှာပါ ဘယ်လာရုစ်ဆီက အကြံဉာဏ်တချို့ ရယူနိုင်ပါတယ်။

၂၀၂၀ တုန်းက ဘယ်လာရုစ်မှာ ဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေဟာ လူကာရှန်ကိုဘက်က သိသိသာသာ မဲလိမ်ခဲ့လို့ ဖြစ်လာတာပါ။ ထူးဆန်းတာက မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ ဘယ်လာရုစ်မှာ ကျင့်သုံးတဲ့ “အနိုင်ရသူအကုန်ယူ” စနစ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး NLD ပါတီက မဲမသမာမှုလုပ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘယ်လာရုစ် နိုင်ငံရေးစနစ်တွေက နောက်ခံသမိုင်းကြောင်းနဲ့ ဖွဲ့စည်းပုံ မတူကြပါဘူး။ လူထုကိုဆွဲဆောင်တဲ့နေရာမှာတော့ လူကာရှန်ကိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုပြီး ဆင်တူပါတယ်။ ဘယ်လာရုစ်စစ်တပ်ကတော့ လွတ်လပ်မှုမရှိသလို စစ်အာဏာသိမ်းဖို့လည်း စွမ်းဆောင်ရည် မရှိပါဘူး။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ဘယ်လာရုစ်ရော နေပြည်တော်ပါ စိန်ခေါ်မှုတခုကတော့ သွားတူနေပါတယ်။ အဲဒါကတော့ ပြည်ပက မြှောက်ပေးနေတဲ့ ပြည်တွင်း မတည်ငြိမ်မှုပါပဲ။ ထူးခြားတာက NUG ကိုယ်စားလှယ်တွေဟာ ပြည်ပရောက် ဘယ်လာရုစ် အတိုက်အခံခေါင်းဆောင် ဆဗက်လာနာ တီခါနော့ဗ်စကာယာရဲ့ အစိုးရနဲ့လည်း အဆက်အသွယ် လုပ်နေကြပါတယ်။

လူကာရှန်ကိုဟာ ၂၀၂၀-၂၀၂၁ အကျပ်အတည်း ကာလတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ပြီး အတိုက်အခံတွေကို နှိမ်နင်းခဲ့တာပါ။ (ဒါမျိုး သူ အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်)။ ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မဟုတ်ပါဘူး။ အာဏာမြဲအောင်လုပ်တဲ့ နည်းဗျူဟာပါ။ လူကာရှန်ကိုဟာ “တုတ်နဲ့ မုန်လာဥ” (ဆုပေးဒဏ်ပေး) နည်းလမ်းကို သုံးပါတယ်။ နှိပ်ကွပ်တာတွေ လုပ်သလိုပဲ အတိုက်အခံ မီဒီယာသမားတွေကိုလည်း စည်းရုံးပါတယ်။ လူသိများတဲ့ ဥပမာတခုကတော့ အစိုးရကို အကြီးအကျယ် ဆန့်ကျင်တဲ့ ရိုမန် ပရိုတာဆီဗစ်ချ်ပါ။ သူ အဖမ်းခံရပြီးတဲ့နောက်မှာ အစိုးရနဲ့ အဆင်ပြေသွားပြီး အစိုးရဘက်ကနေ ပြန်ကာကွယ်ပြောပေးတဲ့သူ ဖြစ်လာပါတယ်။ ဒါကိုကြည့်ရင် မြန်မာအစိုးရအနေနဲ့လည်း NLD အဟောင်းတွေ၊ NUG နဲ့ PDF အဖွဲ့ဝင်တွေထဲက အစိုးရနဲ့ ပူးပေါင်းချင်တဲ့သူတွေကို စည်းရုံးနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

တဖက်မှာ ပြန်ကြည့်ရင် တချို့ကိစ္စတွေမှာ မြန်မာစစ်ကောင်စီက ဘယ်လာရုစ်အစိုးရထက် ပိုသက်ညှာတာကို တွေ့ရပါတယ်။ အမေရိကန်နဲ့ ကြိုတင်သဘောတူညီချက် မရဘဲနဲ့ နိုင်ငံရေးပြစ်မှု ကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် အကြီးအကျယ် ပေးခဲ့တာတွေ ရှိပါတယ်။ ( လက်တွေ့မှာတော့ လွတ်ရက်နီးလာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ ရာဇဝတ်အကျဉ်းသား အများစုကိုပဲလွှတ်ပေးတာပါ)။ လူကာရှန်ကိုကတော့ ပိတ်ဆို့မှုတွေ လျှော့ပေးမယ်ဆိုတဲ့ အာမခံချက်ရမှ သူ့အတိုက်အခံ အနည်းငယ်လောက်ကိုပဲ ပြန်လွှတ်ပေးတာပါ။ မြန်မာစစ်တပ်ကတော့ ပိုပြီးအန္တရာယ်ရှိနိုင်တဲ့ အကျဉ်းသား ထောင်ချီကို လွှတ်ပေးခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးလိုအပ်ချက်ကြောင့် ဖြစ်သလို ဗုဒ္ဓဘာသာရဲ့ မေတ္တာတရား အယူအဆကြောင့်လည်း ပါပါတယ်။ (ဒီအချက်နှစ်ခုက မဆန့်ကျင်ပါဘူး။ မြန်မာ့ လက်တွေ့နိုင်ငံရေး (realpolitik) ထဲမှာ ဗုဒ္ဓဘာသာ ရှိနေလို့ပါ)။ လက်ရှိနိုင်ငံရေးအပေါ် ဘယ်လိုပဲမြင်မြင် ဒီအယူအဆကို မြန်မာလူမျိုးတိုင်း လက်ခံကြပါတယ်။ ၂၀ ရာစုတုန်းက ကွန်မြူနစ် ဘာသာမဲ့ဝါဒ မှိုင်းတိုက်ခံရပြီး အမျိုးသားရေးလက္ခဏာ ပျောက်သလောက်ဖြစ်သွားတဲ့ ဘယ်လာရုစ်တွေနဲ့ မတူတာက မြန်မာတွေဟာ ရိုးရာယဉ်ကျေးမှု၊ ဘာသာတရားနဲ့ စကားကို ထိန်းသိမ်းထားနိုင်ကြပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေရော တရုတ်ဆီကပါ လာနေတဲ့ ဖိအားနှစ်ခုစလုံးကို ကြံ့ကြံ့ခံနိုင်စွမ်း ရှိကြပါတယ်။

နိဂုံး

ဘယ်လာရုစ် အတွေ့အကြုံကနေ သင်ယူပြီး မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ သူ့လမ်းဟောင်းအတိုင်း ပြန်လျှောက်နေပါပြီ။ ၁၉၉၁ ခုနှစ်မှာ လွတ်လပ်တဲ့ ဘယ်လာရုစ်နိုင်ငံ မြေပုံမပေါ်လာခင် ကတည်းက မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံ ဆက်ဆံရေးမူဝါဒကို ကျင့်သုံးခဲ့တာပါ။ (မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက အစိုးရအဆက်ဆက် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးခဲ့ပါတယ်။) ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်က ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကို ထောက်ပံ့လို့ တရုတ်-မြန်မာ ဆက်ဆံရေး အဆိုးရွားဆုံး အခြေအနေ ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတောင် ဦးနေဝင်းအစိုးရဟာ တရုတ်ကို ဆန့်ကျင်ဖို့အတွက် အမေရိကန် ဒါမှမဟုတ် ဆိုဗီယက်နဲ့ မဟာမိတ် မဖွဲ့ခဲ့ပါဘူး။ ဒါဟာ အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်လို့ဆိုရမှာပါ။ အတိုင်းအတာတခုအထိ ပြောရရင် ခေတ်သစ် ဘယ်လာရုစ်နိုင်ငံဟာ စစ်အေးခေတ်တုန်းက ယူဂိုဆလားဗီးယားနိုင်ငံနဲ့ တူနေပါတယ်။ ဝန်ကြီးချုပ်ဦးနုရဲ့ ဒီမိုကရေစီစနစ်မှာရော၊ ဦးနေဝင်းရဲ့ စစ်အာဏာရှင် လက်ထက်မှာပါ “တီးတိုး” ရဲ့ ကြားနေသံတမန်ရေးဝါဒကို အားကျခဲ့ကြတာပါ။

အမေရိကန် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ပါတီဝင်တွေကတော့ ပြည်ပရောက် မြန်မာတွေဆီက သိရတဲ့ လှေနံဓားထစ် တလွဲအမြင်တွေကိုပဲ ထပ်တလဲလဲ ပြောနေကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ နိုင်ငံကို အထီးကျန်အဖြစ်ကနေ  တဖြည်းဖြည်း ဆွဲထုတ်နေပါပြီ။ မြန်မာပြည်သူတွေ အမှတ်ရသင့်တဲ့ အရေးကြီးဆုံးအချက်တချက် ရှိပါတယ်။ ရှေးဟောင်း ဗုဒ္ဓဘာသာ တိုင်းပြည်ကြီးတွေရဲ့ အမွေခံဖြစ်တဲ့ ဒီနိုင်ငံဟာ အမေရိကန်၊ တရုတ်၊ ရုရှား ပြည်ပအင်အားကြီးတွေရဲ့ လက်ကိုင်တုတ် ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာပါပဲ။ လူကာရှန်ကိုရဲ့ ခရီးစဉ်ဟာ မြန်မာ (စစ်ကောင်စီ)ရဲ့ သံတမန်ရေးကို ပိုမိုတိုးတက်လာစေဖို့  အခွင့်အရေးတရပ် ဖြစ်ပါပေတယ်။

အလက်ဇီ နီကိုလေ့ဗ် (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Ref: Modern Diplomacy

(Modern Diplomacy ဝက်ဆိုက်တွင်  အရှေ့တောင်အာရှရေးရာ အထူးပြုလေ့လာသူ ရုရှား သုတေသီ  Alexey Nikolayev ရေးသားထားသည့် “The Belarus Playbook: How Myanmar Learns from Lukashenko” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013