
ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားတာဝန်ရှိသူတွေကို မြန်မာအစားအစာ ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်တွေနဲ့ တည်ခင်း ဧည့်ခံကျွေးမွေးခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက် ဒီနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
မြန်မာစစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့ကို ရောက်ရှိခဲ့ပြီး နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေကို အသင့်ချက်ပြုတ် ယူဆောင်သွားတဲ့ ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်၊ လက်ဖက်ရည် တို့နဲ့ ဧည့်ခံခဲ့တယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပမယ့် ကမ္ဘာ့အဏုမြူ သီတင်းပတ် ဖိုရမ်-၂၀၂၅ (World Atomic Week Forum-2025) တက်ရောက်ဖို့ရှိနေတာပါ။
ဒီခရီးစဥ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်ဟာ အခုနှစ် မတ်လ ၄ ရက်ကလည်း ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။