ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရွှေကုက္ကိုမြို့ရှိ ကျားဖြန့် အဆောက်အအုံတလုံးကို ဒီဇင်ဘာ ၃ ရက် ဒီကနေ့ နေ့လယ် ၁၂ လောက်မှာ စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီး လိုက်ပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) တွေ အဓိက ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြိုင်မြို့သစ်မှာ အထူးစီးပွားရေးလုပ်ငန်းတွေနဲ့ ကျားဖြန့်အွန်လိုင်းလုပ်ငန်းတွေကို တရုတ်လူမျိုးတွေ အများစုအပါအဝင် နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ လာရောက်လုပ်ကိုင်နေကြတာဖြစ်ပြီး အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ပြင်းထန်လာချိန်မှာ အခုလို မိုင်းခွဲဖျက်ဆီးမှုတွေ စလုပ်တာပါ။
ပြီးခဲ့တဲ့လကတော့ မြန်မာ-ထိုင်းနယ်စပ် မြဝတီတောင်ဘက်ရှိ KK Park ကျားဖြန့်လုပ်ငန်း အဆောက်အအုံတွေကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးပြခဲ့ပြီး ရွေကုက္ကိုမှာတော့ အခုမှ ပထမဆုံးအကြိမ် ဖောက်ခွဲဖျက်ဆီးပြခဲ့တာပါ။
ဒါ့အပြင် ရွေကုက္ကိုမှာ ငွေလိမ်လုပ်ငန်းလုပ်နေတဲ့ တရုတ်နိုင်ငံသား ၂၉၁ ယောက် အပါအဝင် ကျားဖြန့်လုပ်သား စုစုပေါင်း ၃၅၈ ယောက်ကို ဒီဇင်ဘာ ၃ ရက်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားကနေ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၂ ရက်ကလည်း တရုတ်နိုင်ငံသား အယောက် ၃၀၀ လောက်ကို မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်း ပေးလိုက်ပြီ မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာ လေယာဥ်ကွင်းကနေ နေရပ်ပြန်ပို့လိုက်ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေလည်း လုပ်ကိုင်နေကြသလို မြန်မာပြည်တွင်းမှာဘဲ တရုတ်နိုင်ငံကို မပြန်လိုတဲ့ တရုတ်နိုင်ငံသားတွေလည်းရှိနေပါတယ်။ ထိုင်းနိုင်ငံဘက်မှာလည်း စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် သောင်ရင်းမြစ်ကမ်းစပ်မှာ သောင်တင်သူတွေလည်း ရှိနေပါတယ်။
လတ်တလော ထိုင်း-မြန်မာနယ်စပ် မင်းလက်ပံဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တွေ နေ့စဥ်တိုက်ပွဲ ပြင်းထန်နေပြီး နယ်စပ်ဆိပ်တချို့ကို ပိတ်တာကြောင့် ကျားဖြန့်လုပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ကူးသွားဖို့ အခက်ခဲများစွာကြုံတွေ့ နေရပါတယ်။
Photo: DVB




