Home
မြန်မာသတင်း
ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်မည့်အဆင့်ရောက်လာ
DVB
·
December 2, 2025

ရန်ကုန်မြို့မှာလေထုညစ်ညမ်းတာဟာ ဒီရက်ပိုင်းမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အနီရောင်အဆင့်အထိ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့တို့ထက် ပိုပြီးဆိုးရွားနေပါတယ်။

လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်ပေးနေတဲ့ ဆွစ်ဇာလန်အခြေစိုက် ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ IQAir ရဲ့ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုအရည်အသွေးဟာ ခံနိုင်ရည်နည်းပါးသူတွေအတွက် ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

IQAir ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတာဖြစ်ပြီး ရန်ကုန်အတွက်ကတော့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးအပါအဝင် နေရာ ၇ ခုမှာရှိတဲ့ လေထုအရည်အသွေး တိုင်းတာစက်တွေရဲ့ အချက်အလက်တွေကို ရယူထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂ ရက်အတွက် လေထုညစ်ညမ်းမှု ပျမ်းမျှအညွှန်းကိန်းက US AQI အရ ၁၂၈ ဖြစ်ပြီး အဆင့် ၁၀၁ ကနေ ၁၅၀ အထိကိုတော့ ခံနိုင်ရည်နည်းသူတွေအတွက် ထိခိုက်စေတဲ့အဆင့်လို့ သတ်မှတ်ပြီး ယေဘုယျကတော့ ကျန်းမာရေးမထိခိုက်ဘူးလို့ ဆိုနိုင်ပါတယ်။

လေထုအရည်အသွေးသတ်မှတ်ချက် အနီရောင်အဆင့်ကတော့ ၁၅၁ ကနေ ၂၀၀ အထိဖြစ်ပြီး လူတိုင်းကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂ ရက် မနက် ၈ နာရီခွဲကတော့ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (AQI) ဟာ ၁၇၈ ရှိလို့ အနီရောင်အဆင့်မှာရှိခဲ့ပြီး ဒီဇင်ဘာ ၁ ရက် မနက်ကလည်း ၁၇၄ ရှိလို့ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၁၁ ကိုရောက်ခဲ့တယ်လို့ မြန်မာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားနေတဲ့ Environment, Health and Safety Myanmar က IQAir ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

IQAir ရဲ့ ပျမ်းမျှသတ်မှတ်ချက်အရ ဒီဇင်ဘာ ၂ ရက်မှာ ရန်ကုန်ရဲ့ လေထုအရည်အသွေး အညွှန်းကိန်းဟာ ကမ္ဘာ့အဆင့် ၂၂ ဖြစ်ပြီး ဒါဟာ အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့တို့ထက် ပိုများနေတာပါ။

လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရာမှာ အချက်အလက်တွေ အများကြီးရှိပေမယ့် အခုထုတ်ပြန်ချက်တွေကိုတော့ PM 2.5  (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်း) ကို အဓိထား တိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေရဲ့ ဆောင်းရာသီမှာလည်း ရန်ကုန်မှာ လေထုညစ်ညမ်းနှုန်းတက်လာခဲ့ဖူးပြီး ဆောင်းရာသီ မနက်ခင်းလေထုအေးလာတဲ့အခါ လေထုဖိအားပြန်လှန်ဖြစ်စဉ်ကြောင့် အေးတဲ့လေက မြေပြင်နားမှာ ကပ်နေပြီး အပေါ်မတက်နိုင်ဘဲ မီးခိုး၊ အမှုန်အမွှားတွေက လေထုထဲပိတ်မိနေတာကလည်း အကြောင်းရင်းတခုဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013