Home
မြန်မာသတင်း
ယိုယွင်းပျက်စီးသွားသည့် ရန်ကုန်မြို့က နောက်ဖေးလမ်းကြားဥယျာဉ်များ
DVB
·
December 2, 2025

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က မြို့ပြဖွံ့ဖြိုးရေး အစီအစဥ်တရပ်အဖြစ် ဖော်ဆောင်ခဲ့တဲ့ ရန်ကုန်မြို့လယ်က နောက်ဖေးလမ်းကြားဥယျာဉ်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ထပ်တိုးလုပ်ဆောင်တာ မရှိတဲ့အပြင် ရှိနှင့်ပြီးသား လမ်းကြားပန်းချီတွေ၊ အားကစားကွင်းတွေနဲ့ သစ်ပင်ပန်းပင်တွေဟာ ထိန်းသိမ်းမှုမဲ့ကာ အခုလက်ရှိမှာတော့  အမှိုက်တွေနဲ့ပြည့်နေပြီး ယိုယွင်း ပျက်စီးနေပါတယ်။

တိုက်ခန်းတွေမှာ နေထိုင်သူတွေက လမ်းကြားတွေထဲကို အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စည်းကမ်းမဲ့ ပစ်ချတာတွေ ရှိနေသလို ဥယျာဉ်ဝင်ပေါက်နဲ့ ထွက်ပေါက်တွေကိုလည်း သော့ခတ်ပိတ်ထားတာတွေ ရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့လယ်ကောင်က နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တွေနဲ့ပြည့်နေပြီး ရောဂါဖြစ်စေနိုင်တဲ့ ကြွက်တွေလည်း ‌ပေါများလာနေတဲ့အတွက် နောက်ဖေးလမ်းကြားစီမံကိန်းတွေ အကောင်အထည်မဖော်ခဲ့ချိန်ကအတိုင်း အမှိုက်ပုံအဖြစ်နဲ့ ညစ်ပတ်နေတဲ့လမ်းကြားတွေ ပြန်ဖြစ်နေပါတယ်။

အဲဒီအပြင် နောက်ဖေးလမ်းကြားဥယျာဉ်တွေမှာ ရေးခြယ်ထားတဲ့ နံရံပန်းချီတွေ၊ ကစားကွင်းနေရာတွေ၊ အနုပညာလက်ရာတွေနဲ့ ပန်းပင်တွေ၊ လမ်းကြားတွေဟာ ‌ တိုက်ခန်းတွေက ပစ်ချတဲ့ စွန့်ပစ်အမှိုက်တွေကြောင့် ညစ်ပတ်နေသလို ဥယျာဉ်အဝင်အဝနေရာတွေဟာလည်း ကားရပ်နားရာနေရာနဲ့ ‌ဈေးဆိုင်ခန်းအဖြစ် နေရာယူထားကြပါတယ်။

ဥယျာဉ်ဖြစ်မြောက်ရေး ကော်မတီဝင်ဟောင်းတယောက်က “နောက်ဖေးလမ်းကြားဥယျာဉ်တွေက ပန်းချီတွေဆွဲ အပင်တွေစိုက်ပြီးတော့ အဝင်အထွက်လည်း မတွေ့ပါဘူး။ အခြေအနေက သူတို့က ဘာမှလည်းမလုပ်တော့ ရေညှိတွေတက် ပန်းပင်တွေလည်း တစစီဖြစ်နေတာပေါ့။ ဝင်လည်း မကြည့်ကြဘူး၊ ကလေးတွေလည်း မဆော့ကြဘူး။ ပန်းဘဲတန်းအခြမ်းလည်း ရှိတယ်။ ကျောက်တံတားမှာလည်း ရှိတယ် အများကြီးပဲ။ မောင်ထော်လေးလမ်းတို့ ဟိုဘက်ဒီဘက်တွေမှာ ရှိတယ်။ ကျောက်တံတားမှာဆိုရင် ၃၆ လမ်း၊ ၃၅ လမ်း၊ ၃၃ လမ်း၊ ၃၄ လမ်းတို့ ကြားတွေထဲမှာလည်း ရှိတယ်။ တံခါးတွေ ဘာတွေတော့ ပိတ်ထားတယ်။ မုခ်ဦးလေးတွေတော့ ရှိသေးတယ်” လို့ ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကနေ သိန်း ၁,၀၀၀ ဘတ်ဂျက်အထိ သတ်မှတ်ပေးထားခဲ့ပေမဲ့ လက်ရှိမှာ နောက်ဖေးလမ်းကြားဥယျာဉ် စီမံကိန်းအတွက် ဆက်လက်ထောက်ပံ့တာမျိုး မရှိတော့ဘူးလို့ သိရပါတယ်။

နောက်ဖေးလမ်းကြားဥယျာဉ် စီမံကိန်းကို NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ Yangon Wall၊ ဒို့အိမ်၊ မြို့ပြထိန်းသိမ်းရေးအဖွဲ့တချို့နဲ့ ရပ်ရွာနေ ပြည်သူလူထုတို့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ရန်ကုန်မှာ နောက်ဖေးလမ်းကြား ဥယျာဉ်ပေါင်း ၂၀ ကျော်ရှိတဲ့အထဲက ဥယျာဉ် ၁၂ ခုကို ဒို့အိမ်က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် မတိုင်မီက ရန်ကုန်မြို့လယ်ကောင်က တိုက်တွေရဲ့ နောက်ဖေးလမ်းကြား စီမံကိန်းနေရာတွေဟာ ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေအတွက် အပန်းဖြေ အနားယူရာနေရာတွေ ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ပြုပြင်ထိန်းသိမ်းတာမရှိဘဲ ပစ်ပယ်ခံထားကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013