
ပီရူးရဲတပ်ဖွဲ့ဟာ ချီလီနိုင်ငံကလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တာကြောင့် ဒီဇင်ဘာ ၁ ရက်က ဒါဇင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပီရူးရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
နေရပ်နိုင်ငံတွေကိုပြန်ဖို့ ချီလီနိုင်ငံကနေ နယ်စပ်ကိုဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ရွှေ့ပြောင်းနေထိုင်သူတယောက်က ပြောပါတယ်။
“ကလေးတွေက အပူချိန် ၃၀ - ၄၀ (စင်တီဂရိတ်) ဒီဂရီအောက် သဲကန္တာရထဲမှာ အားနည်းမိန်းမောနေကြတယ်။ သူတို့အတွက် ကျနော်တို့မှာ စားနပ်ရိက္ခာမရှိဘူး။ ကျနော်တို့ တောင်းဆိုနေတာက လူဝင်မှုကြီးကြပ်ရေးကနေ တုံ့ပြန်မှုတခုပဲဖြစ်ပြီး ကျနော်တို့က အထောက်အထားမဲ့တွေ မဟုတ်ပါဘူး။ ကျနော်တို့မှာ မှတ်ပုံတင်ရှိတယ်၊ ကျနော်တို့ နိုင်ငံတွေကိုပြန်ဖို့ ဖြတ်ကျော်ခွင့် လိုချင်ပါတယ်” လို့ ပြောပါတယ်။
ပီရူးသမ္မတ ဟိုဆေးဟယ်ရီဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံအတွင်း ဝင်ရောက်မှုကို ကာကွယ်ဖို့အတွက် တောင်ပိုင်းနယ်စပ်ဒေသမှာ ရက်ပေါင်း ၆၀ ကြာ အရေးပေါ်အခြေအနေ ကြေညာကာ စစ်တပ်ကို ချထားပြီးနောက်မှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လှုပ်ရှားမှု ပေါ်ပေါက်လာတာပါ။
ပီရူးသမ္မတ ဟိုဆေးဟယ်ရီက “ပီရူးနိုင်ငံခြားရေးဝန်ကြီးဟာ ချီလီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအတွင်းမှာ အထောက်အကူပြု ပံ့ပိုးမှုတွေကို ပေးအပ်နိုင်မဲ့ အထိရောက်ဆုံးလမ်းကြောင်းရအောင် ဒါကို သတ်မှတ်နေတာဖြစ်ပါတယ်”လို့ ပါတယ်။
မီဒီယာသတင်းတွေအရ တနင်္လာနေ့က ရွှေ့ပြောင်းနေထိုင်သူ အယောက် ၇၀ လောက်ဟာ နယ်စပ် ထိန်းချုပ်မှုမှ မအောင်မြင်ဘဲ ထွက်ပြေးဖို့ ကြိုးစားခဲ့ရာမှာ ပီရူးရဲတပ်ဖွဲ့နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။
ချီလီနဲ့ ပီရူး အစိုးရတွေဟာ ပထမဆုံး ၂ နိုင်ငံဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပြီးနောက်မှာ ပူးတွဲကင်းလှည့်မှုတွေ စတင်ဖို့နဲ့ ၂ နိုင်ငံအကြား သတင်းအချက်အလက် ဖလှယ်မှုကို မြှင့်တင်ဖို့ သဘောတူညီခဲ့ကြ ပါတယ်။
Source: Reuters


