
မိနစ် ၆၀ ကျော် ၁၀ ယောက်တည်းနဲ့ ကစားပြီး အာဆင်နယ်အသင်းကို သရေကစားနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်ကြောင်း ချဲလ်ဆီးအသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်က ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီမှာ ပွဲချိန် မိနစ် ၃၀ လောက်ကတည်းက ကွင်းလယ်လူ ကိုင်ဆီဒို ထုတ်ပယ်ခံခဲ့ရပေမဲ့ အာဆင်နယ်ကို တဂိုးစီ သရေရလဒ်ရအောင် ကစားခဲ့တာပါ။
ဒုတိယပိုင်းစလို့ ၃ မိနစ်အကြာမှာ ချာလိုဘက်က ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး မယ်ရီနိုက အာဆင်နယ်အတွက် ချေပဂိုး သွင်းခဲ့တာပါ။
မိမိတို့အသင်းရဲ့ အဆင့်အတန်းက ဘယ်နေရာရောက်နေပြီလဲဆိုတာ ပြသနိုင်ခဲ့သလို ဘာအတွက် တိုက်ပွဲဝင်နေသလဲ ဆိုတာကိုလည်း ပြသနိုင်ခဲ့ကြောင်း၊ အနိုင်လိုချင်ပေမဲ့ သရေရလဒ်ကနေလည်း အပေါင်းလက္ခဏာတွေ အများကြီးရှိပြီး အကောင်းဆုံးစွမ်းဆောင်ရည် ပြသခဲ့တဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူကြောင်း နောက်ခံလူ ရိစ်ဂျိမ်းစ်က ပြောသွားပါတယ်။


