
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမှုဖြစ်ပြီးတဲ့နောက် ဟတ်ယိုင်မြို့မှာ ဘဝတွေ ပြန်လည်ထူထောင်ရေးစတင်နေတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေးလုပ်သားတွေက နိုဝင်ဘာ ၂၉ ရက်က ထောက်ပံ့ရေးပစ္စည်းတွေ ဝေငှပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၉ ခုမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၆၂ ယောက် သေဆုံးခဲ့ပြီး ၁၂၆ ယောက်ထက်မနည်းဟာ ဆုန်ခလာခရိုင်ရဲ့ မြို့တော် ဟတ်ယိုင်မြို့မှာ သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်အတွင်း ပိုင်ဆိုင်မှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်နေပြီး စနေနေ့အထိ ဒေသခံအများအပြားဟာ လျှပ်စစ်မီးမရှိဘဲ နေရပါတယ်။
ဟတ်ယိုင်မြို့မှာ နိုဝင်ဘာ ၂၁ ရက်က မိုးသည်းခဲ့ပြီး ၂ ရက်တာကာလအတွင်း မိုးရေချိန် (၁၃ လက်မ) အထိရွာသွန်းခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၃၀၀ အတွင်း တရက်တာ အများဆုံး မိုးရေချိန် ဖြစ်ပါတယ်။
မိုးရွာသွန်းမှုကြောင့် ရေမျက်နှာပြင်တွေ မြင့်တက်လာပြီး လူအများအပြားဟာလည်း အိမ်တွေထဲမှာ ပိတ်မိနေလို့ ဒေသခံတွေဟာ ဒေသဆိုင်ရာအာဏာပိုင်တွေဆီက ရှင်းလင်းတဲ့ သတိပေးချက်တွေ မရခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရာကူးလ်က ရေဘေးသင့် နိုင်ငံတောင်ပိုင်းအတွက် ပြန်လည်ထူထောင်ရေးနဲ့ လျော်ကြေးပေးရေးအစီအစဉ်တွေကို ဖော်ပြခဲ့ပါတယ်။
တောင်ပိုင်းခရိုင် ၁၂ ခုမှာ မိုးသည်းပြီး ရေကြီးရေလျှံခဲ့တာကြောင့် အိမ်ထောင်စု ၁ ဒသမ ၄ သန်းကျော်နဲ့ လူဦးရေ ၃ ဒသမ ၈ သန်း ထိခိုက်ခဲ့ရတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနက စနေနေ့မှာ ပြောပါတယ်။
မိုးသည်းလို့ အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတချို့မှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ခဲ့ပြီး လူ ၆၀၀ လောက် သေဆုံးခဲ့ရတာပါ။
အပူပိုင်းမုန်တိုင်းတွေကြောင့် ပိုဆိုးလာတဲ့ မုတ်သုံမိုးဟာ ဒေသတွင်းမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးရေဘေးသင့်စေခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ သီရိလင်္ကာတို့မှာ လူသန်းပေါင်းများစွာ ထိခိုက်ခဲ့ရပါတယ်။
လူရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါတယ်။ ထောင်ပေါင်းများစွာသော လူတွေ ရေဘေးမှာ ပိတ်မိနေကြပြီး တချို့က အိမ်ခေါင်မိုးတွေပေါ်မှာ နေရင်း ကယ်ဆယ်ရေး ဝန်ထမ်းတွေကို စောင့်ဆိုင်းနေကြရပါတယ်။
Source: Reuters


