Home
နိုင်ငံတကာ
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ဟွန်ဒူးရပ်စ်သမ္မတဟောင်းကို လွတ်ငြိမ်းခွင့်ပေးမည်ဟု ထရမ့်ပ်ပြော 
DVB
·
November 29, 2025
Photo :Reuters

အမေရိကန်ပြည်ထောင်စုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ သေနတ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၄၅ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဟွမ်န်အော်လန်ဒို အာနန်ဒက်ဇ်ကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

ဒါဟာ မူးယစ်ဆေးဝါးပြဿနာကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတယ်လို့  ရီပတ်ဘလစ်ကန် ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူ ပုံဖော်နေမှုနဲ့ မကိုက်ညီဘဲ ဆန့်ကျင်ဘက် ပြောဆိုတဲ့စကားလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ သမ္မတ အာနန်ဒက်ဇ်ဟာ ရာထူးကနုတ်ထွက်ပြီး မကြာခင်မှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။

မန်ဟက်တန် ဂျူရီလူကြီးတွေက အာနန်ဒက်ဇ်ကို အမေရိကန်ကို ဦးတည်တဲ့ ကိုကင်း တင်ပို့မှုတွေကို အကာအကွယ်ပေးမှုအတွက် ဒေါ်လာသန်းပေါင်းများစွာ လာဘ်ငွေလက်ခံမှုနဲ့ အပြစ်ရှိကြောင်း ၂၀၂၄ ခုနှစ် မတ်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အာနန်ဒက်ဇ်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သူကတော့ ပြစ်ဒဏ်က မှားယွင်းနေတယ်လို့ ခေါ်ဆိုခဲ့ ပါတယ်။ 

ဟွန်ဒူးရပ်စ် သမ္မတဟောင်းအာနန်ဒက်ဇ်ကတော့ သူဟာ ပြစ်မှုကျူးလွန်သူတွေဆီကနေ ငွေတွေ  ရရှိတယ်၊ လက်ခံခဲ့တယ် ဆိုတာဟာ မမှန်ဘူးလို့ ပြောနိုင်ကြောင်းနဲ့ သူ့နိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ နိုင်ငံဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ဟွန်ဒူးရပ်စ် ပြည်သူတွေရဲ့ ကိုယ်စား လုံးဝငြင်းဆိုတယ်လို့ ပြောပါတယ်။

အာနန်ဒက်ဇ်ကို ထောင်ဒဏ်လွတ်ငြိမ်းခွင့်ပေးမယ်လို့ ဒေါ်နယ်လ်ထရမ့်ပ်က ပြောကြားခဲ့ပြီးနောက်မှာ ဟွန်ဒူးရပ်စ်သမ္မတဟောင်းရဲ့ဇနီး အာနာ ဂါစီးယာကာရီးယာ့စ်နဲ့ သမီးဖြစ်သူ ဒန်နီယယ်လာတို့ဟာ နိုဝင်ဘာ ၂၈ ရက်က မြို့တော် တေဂူစီဂယ်လ်ပါမှာ အောင်ပွဲခံခဲ့ကြပါတယ်။

ဒီကြေညာချက်ကြောင့် မိသားစုဟာ ဝမ်းသာမျက်ရည်ကျခဲ့ရကြောင်း အာနာဂါစီးယာက သတင်းထောက်တွေကို ပြောကြားခဲ့ပြီး သူတို့ရဲ့သမီး ဒန်နီယယ်လာကလည်း ထရမ့်ပ်နဲ့ သူ့အစိုးရတို့ကိုအပြင် ထောက်ခံသူတွေကိုလည်း ကျေးဇူးတင်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံကို ၂၀၂၁ ခုနှစ်ကတည်းက သမ္မတ ရှောင်မားရား ကက်စထရိုက အုပ်ချုပ်ခဲ့ပြီး ကျူးဘားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါတယ်။ သူတို့ရဲ့ အစိုးရတွေကို ထရမ့်ပ်အစိုးရက အာဏာရှင်တွေအဖြစ် ရှုမြင်ပြီး အကြိမ်ကြိမ် ဝေဖန်နေခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013