Home
နိုင်ငံတကာ
G20 ညီလာခံ၌ ထရမ့်ပ် မပါသော်လည်း အရေးမကြီးဟု ဘရာဇီးသမ္မတပြော
DVB
·
November 24, 2025
Photo: Reuters

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့မှာ ၂ ရက်တာ ကျင်းပသွားတဲ့ G20 ထိပ်သီးအစည်းအဝေးကြီးဟာ နိုဝင်ဘာ ၂၃ ရက်က ပူးတွဲကြေညာချက်နဲ့အတူ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ အာဖရိကတိုက်မှာ ပထမဆုံး ကျင်းပသွားတဲ့ G20 ထိပ်သီးညီလာခံဖြစ်သလို အမေရိကန်အနေနဲ့လည်း သပိတ်မှောက်ထားတဲ့အလျောက်​ အစည်းအဝေး တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

အဲဒီနောက် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေကြား “ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး” အတွက် ကတိပြုနိုင်ခဲ့တယ်လို့သာ ထုတ်ပြန်ထားပါတယ်။

အခုတခေါက်မှာ အမေရိကန်ဘက်က ကန့်ကွက်မှုတွေ ရှိခဲ့ပေမဲ့လည်း ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနဲ့ စီးပွားရေးမညီမျှမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကြေညာချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။

တောင်အာဖရိကသမ္မတ ဆီရယ် ရာမာဖိုဆာ ကတော့ ဒီသဘောတူညီချက်အရ “ဘုံရည်မှန်းချက်တွေ” ဟာ နိုင်ငံတွေကြားရှိနေတဲ့ မတူကွဲပြားမှုထက် ပိုပြီး အလေးသာတယ် ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း အပိတ်မိန့်ခွန်း ပြောသွားပါတယ်။

ဘရာဇီးသမ္မတ လူလာ ဒါ-ဆေးလ်ဗား ကလည်း ထရမ့်ပ် မတက်လာတာကို “သိပ်အရေးမကြီးပါဘူး” ဆိုပြီး မှတ်ချက်ပြုပါတယ်။

အခုလိုမျိုး နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မယ့် အရေးဟာ “အရင်ထက် ပိုလို့တောင် အသက်ဝင်လာခဲ့တယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဘက်က တောင်အာဖရိက လူဖြူလူနည်းစုတွေဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ မြေယာသိမ်းဆည်းမှုတွေကို ရင်ဆိုင်နေရတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်အရ အစည်းအဝေးမတက်ဘဲ သပိတ်မှောက်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက G20 ညီလာခံအသီးသီးကို အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ဘရာဇီးတို့က အိမ်ရှင်နိုင်ငံအဖြစ် အစဉ်လိုက် ဦးဆောင်ကျင်းပခဲ့တာပါ။

လာမယ့် ၂၀၂၆ အစည်းအဝေးကိုတော့ အမေရိကန်နိုင်ငံမှာ လက်ခံကျင်းပဖို့ရှိနေပြီး ဖလော်ရီဒါပြည်နယ်က ထရမ့်ပ်ရဲ့ အပန်းဖြေဂေါက်ကွင်းမှာ ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့်ပဲ G20 ထိပ်သီးညီလာခံ ပြီးဆုံးချိန်တိုင်း ပြုလုပ်လေ့ရှိတဲ့ သဘာပတိနေရာ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားတော့ ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် G20 ဆိုတာက ကမ္ဘာ့ GDP ရဲ့ ၈၅ ရာခိုင်နှုန်း၊ ကမ္ဘာလုံးဆိုင်ရာ ပို့ကုန်တွေရဲ့ ၇၅ ရာခိုင်နှုန်း နဲ့ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံကို ကိုယ်စားပြုထားတဲ့ အဖွဲ့ကြီးပဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013