
ဂါဇာငြိမ်းချမ်းရေး၊ အရှေ့အလယ်ပိုင်းလက်နက်အားပြိုင်ပွဲနဲ့ သက်ငယ်လိင်ပွဲစား ဇာတ်ရှုပ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဘယ်လို အကွက်ရွှေ့နေသလဲဆိုတာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ကို ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ တကယ်စီမံအုပ်ချုပ်နိုင်မလား၊ F-35 တိုက်လေယာဉ်တွေ ဆော်ဒီ ပိုင်ဆိုင်ခွင့်ရရင် ဘာဖြစ်လာနိုင်သလဲ ဆိုတာနဲ့ လူကြီးလူကောင်းတွေနဲ့ သက်ငယ်လိင်ပွဲစားကြီးရဲ့ မှတ်တမ်းတွေအကြောင်း တစေ့တစောင်း ကြည့်ကြရအောင်ပါ။
ထရမ့်ပ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဂါဇာကို တကယ်အုပ်ချုပ်နိုင်မလား
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၈၀၃ ကို အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံနဲ့ အလှည့်ကျ အဖွဲ့ ဝင် ၁၀ နိုင်ငံ၊ စုစုပေါင်း ၁၅ နိုင်ငံမှာ ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။ ဗီတိုအာဏာသုံး ခွင့်ရှိတဲ့ ရုရှားနဲ့ တရုတ်ကတော့ ကြားနေခဲ့တာဖြစ်ပါတယ်။ ကန့်ကွက်သူမရှိခဲ့ပါဘူး။
စာရွက်ပေါ်မှာတော့ ဒီဆုံးဖြတ်ချက်ဟာ ဂါဇာက ပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးစီမံကိန်းအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ကနေ ဂါဇာဒေသကို ၂ နှစ်ကြာ ကြီးကြပ်အုပ်ချုပ်သွားမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။
“မနေ့ကပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကျနော့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို တရားဝင် အတည်ပြုလိုက်သလို၊ 'ငြိမ်းချမ်းရေး ဘုတ်အဖွဲ့' ဖွဲ့စည်းမယ့်ကိစ္စကိုလည်း တရားဝင် ထောက်ခံပေးခဲ့ပါတယ်။ ဒါဟာ တခြားဘယ်အဖွဲ့နဲ့မှ မတူတဲ့ ထူးခြားတဲ့အဖွဲ့မျိုး ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အင်အားကြီးနိုင်ငံတွေက ခေါင်းဆောင်တွေ ပါဝင်လာကြမှာပါ”
ဒီငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဟာ လုံခြုံရေးနဲ့ ဂါဇာဒေသ စစ်မဲ့ဇုန်ဖြစ်ရေး ဆောင်ရွက်မယ့် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization Force) နေ့စဉ်အုပ်ချုပ်ရေးကိစ္စတွေကို တာဝန်ယူမယ့် ပါလက်စတိုင်း ပညာရှင်များကော်မတီ၊ စစ်မဖြစ်ခင်က ဟားမတ်စ်လက်အောက်က ရဲတပ်ဖွဲ့နဲ့မတူ သီးခြားဖြစ်တဲ့ ပါလက်စတိုင်း ရဲတပ်ဖွဲ့အသစ်တို့ကို ကြီးကြပ်ရမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ လုံခြုံရေးကောင်စီကို အစီရင်ခံရမှာဖြစ်ပေမဲ့ ကုလသမဂ္ဂ ယန္တရားအောက်မှာရော ဒီပဋိပက္ခနဲ့ ဆိုင်တဲ့ အရင်ဆုံးဖြတ်ချက်တွေအောက်မှာပါ တရားဝင် အားဖြင့် ရှိမနေပါဘူး။ အဖွဲ့ဝင်တွေအဖြစ် ထရမ့်ပ်ကိုယ်တိုင်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလည်း ပါလာနိုင်တယ်ဆိုတာကလွဲရင် ကျန်တာ မသိရသေးပါဘူး။
အဓိက အချက်အလက်တော်တော်များများက ဝေဝေဝါးဝါး ဖြစ်နေပါတယ်။ နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) အတွက် ဘယ်နိုင်ငံတွေက တပ်တွေစေလွှတ်မှာလဲ၊ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့ တာဝန်ထမ်းဆောင်မှာလဲ။ ပါလက်စတိုင်း အရပ်ဘက် ပညာရှင်တွေ ဆိုရာမှာ အဲဒီလူတွေကို ဘယ်သူက ရွေးပြီးတော့ ခန့်မှာလဲ၊ ထရမ့်ပ်ရဲ့ လက်အောက်မှာ အလုပ်လုပ်နေတယ်လို့ မြင်ကြရင် ဂါဇာကပြည်သူတွေက လက်ခံပါ့မလား ဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ မြေပြင်မှာ ထိန်းချုပ်ထားဆဲဖြစ်တဲ့ အစ္စရေးအစိုးရနဲ့ ဒီအဖွဲ့နဲ့ကြားမှာ ဘယ်လိုမျိုး အတူ ယှဉ်တွဲတည်ရှိမလဲဆိုတာကလည်း စဉ်းစားစရာဖြစ်လာပါတယ်။
၂ နှစ်ကြာ စစ်ပွဲအပြီးမှာ ပါလက်စတိုင်း ၇၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဂါဇာတခွင်လုံးလည်း အပျက်စီးပုံကြီးဖြစ်နေပါပြီ။ အမေရိကန်က ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကြောင့် ဗုံးကြဲတိုက်ခိုက်မှုကြီးတွေ ရပ်တန့်သွားပြီး ဓားစာခံတချို့ လွတ်မြောက်လာပေမဲ့ အပစ်အခတ်ရပ်စဲမှုက မခိုင်မာပါဘူး။
အစ္စရေးတပ်တွေက ဂါဇာထဲမှာ အတွင်းစည်းတခုအထိ ပြန်ဆုတ်ပေးထားပေမဲ့ ပစ်ခတ်မှုတွေနဲ့ နေရာအလိုက် တိုက်ပွဲငယ်တွေ ဖြစ်နေတုန်းပါပဲ။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာတော့ တဆင့်ချင်း လက်လွှဲပေးမယ်ဆိုတာမျိုး ကတိပြုထားပါတယ်။ အစ္စရေးတပ်တွေ တပ်စွဲမှု လျှော့ချလာတာနဲ့အမျှ ISF တပ်ဖွဲ့တွေက လုံခြုံရေးကို တဖြည်းဖြည်း လက်လွှဲယူမှာဖြစ်ပါတယ်။
နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF)ရဲ့တာဝန်တွေထဲမှာ လမ်းမတွေနဲ့ အဓိက အခြေခံအဆောက်အအုံတွေကို လုံခြုံရေးယူပေးဖို့၊ ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းရာမှာ ကူညီဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို လုံခြုံရေး လိုက်ပါပို့ဆောင်ပေးဖို့နဲ့ ပါလက်စတိုင်း ရဲတပ်ဖွဲ့အသစ်ကို လေ့ကျင့်ပေးဖို့ တွေ ပါဝင်ပါတယ်။
ဟားမတ်စ်အဖွဲ့ကတော့ ဒီအစီအစဉ်ကို ပယ်ချထားပါတယ်။၊ ဒါဟာ ဂါဇာအပေါ် နိုင်ငံခြားအုပ်ထိန်းမှု ချမှတ်ဖို့ ကြိုးစားတာဖြစ်သလို ပါလက်စတိုင်း နိုင်ငံထူထောင်ခွင့် ရေရာတဲ့ အာမခံချက်မရှိဘဲ တော်လှန်ရေးအဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းဖို့ ကြိုးပမ်းတာလို့ တုံ့ပြန်ထားပါတယ်။
ဒါဆိုရင် ဘာကြောင့် နိုင်ငံအများစုက ထောက်ခံခဲ့ကြသလဲ။ အရပ်စကားနဲ့ ပြောရရင်တော့ အကုန် “ပြိုင်း” ကုန်ကြတာလည်း ပါပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သံတမန်ရေးကြိုးပမ်းမှု မှန်သမျှက အမေရိကန်က ဗီတိုအာဏာသုံးကန့်ကွက်ရင် အတည်ပြုလို့ကို မရပါဘူး။ တနည်းပြောရရင် အမေရိကန်မပါရင် ဂါဇာစစ်ပွဲက ရပ်လို့ကို မရပါဘူး။ အဲဒီတော့ ထရမ့်ပ်ကိုယ်တိုင်ပါမယ်ဆိုရင်၊ ဂါဇာကို အကူအညီတွေ ပိုပြီးတော့ ပေးဝင်မယ်ဆိုရင်ပဲ ဘယ်လို မူဘောင်နဲ့ လာလာ ခေါင်းညိတ်လိုက်ဖို့ နိုင်ငံအများစုက အသင့်ဖြစ်နေကြပါတယ်။
နောက်တချက်ကတော့ ပါလက်စတိုင်းရဲ့ နိုင်ငံဖြစ်တည်မှု စကားလုံးအသုံးအနှုန်းကြောင့်ပါ။ ဆုံးဖြတ်ချက်ထဲမှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ပြုပြင်ပြောင်းလဲမှုလုပ်ပြီး ဂါဇာကို ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် အနာဂတ်မှာ ပါလက်စတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နိုင်ငံထူထောင်ခွင့် လမ်းကြောင်းတခု ပေါ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အာရပ်နဲ့ ဥရောပနိုင်ငံအများစုအတွက်ကတော့ ပါလက်စတိုင်း နိုင်ငံထူထောင်ရေးနဲ့ပတ်သက်ပြီး ထရမ့်ပ်အစိုးရဆီကနေ အသိအမှတ်ပြုရည်ညွှန်းတာလေးတခုလောက်ရတာကိုက အရေးပါတဲ့ အောင်ပွဲလို့ ရှုမြင်ကြပါတယ်။
အစ္စရေးနိုင်ငံမှာတော့ လက်ယာစွန်းရောက်တွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။ ဘယ်နယ်မြေမှာမဆို ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှာကို လက်မခံနိုင်ဘူးဆိုတဲ့ သဘောထား မပြောင်းလဲဘူးဆိုတာ ဝန်ကြီးချုပ်နေတန်ယာဟုက ညွန့်ပေါင်းအစိုးရအဖွဲ့ကို ပြန်ပြီး အာမခံချက် ပေးခဲ့ရပါတယ်။
"ငြိမ်းချမ်းရေးဘုတ်အဖွဲ့" နဲ့ ISF တပ်ဖွဲ့တွေမှာ နိုင်ငံတကာနဲ့ အာရပ်နိုင်ငံတွေ ပိုပါဝင်လေလေ၊ ရေရှည်မှာ အစ္စရေးက ဂါဇာကို တဦးတည်း ထိန်းချုပ်ထားဖို့ ပိုခက်ခဲလေလေ ဖြစ်မယ်လို့ တချို့နိုင်ငံတွေက မျှော်လင့်ထားကြပါတယ်။
ဒီအစီအစဉ်ဟာ ဂါဇာက ပြည်သူတွေအတွက် အမှန်တကယ်တိုးတက်မှုတွေကို ယူဆောင်လာပေးမယ်၊ စစ်မှန်တဲ့ နိုင်ငံရေး မျှော်လင့်ချက်ပေးနိုင်မယ်ဆိုရင်တော့ "ငြိမ်းချမ်းရေးဘုတ်အဖွဲ့" ဟာ သမိုင်းဝင်အလှည့်အပြောင်းဖြစ်လာမှာပါ။ အဲဒီလိုမဟုတ်ဘဲ ကျရှုံးသွားမယ်၊ ဂါဇာဒေသခံတွေက နိုင်ငံခြားက လာရောက်ခြယ်လှယ်မှုတခုလို့ပဲ မြင်မယ်ဆိုရင်တော့ နာကြည်းမှုတွေ ပိုကြီးလာပြီး နောက်ထပ် အကြမ်းဖက်သံသရာလည်ဖို့ လမ်းခင်းပေးသလို ဖြစ်သွားနိုင်ပါတယ်ခင်ဗျာ။
အဆင့်မြင့်ဆုံး တိုက်လေယာဉ်တွေ ဆော်ဒီကို ဘာကြောင့် ရောင်းသလဲ
အမေရိကန် Lockheed Martin ကုမ္ပဏီ ထုတ်လုပ်တဲ့ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး တိုက်လေယာဉ်လို့ ကြွေးကြော်ထားတဲ့ F-35 Lightning II တွေ ဆော်ဒီကို ရောင်းဖို့ ထရမ့်ပ်က ထောက်ခံထားပါတယ်။
F-35 ဟာ စတဲ့လ်လို့ ခေါ်တဲ့ ရေဒါပျောက် တိုက်လေယာဉ် တမျိုးပါ။ လက်နက်တွေကို ကိုယ်ထည်ထဲမှာ သယ်ဆောင်ပြီး အားကောင်းတဲ့ အာရုံခံကိရိယာတွေ၊ ကွန်ပျူတာစနစ် တွေကြောင့် ရန်သူကို အရင်မြင်နိုင်၊ အရင်ပစ်နိုင်သလို၊ လိုအပ်ရင် ပျောက်ကွယ်သွားနိုင်စွမ်း ရှိပါတယ်။
အဓိက အမျိုးအစား ၃ ခုရှိပါတယ်။ F35A က သမားရိုးကျ ပြေးလမ်းတွေအတွက်ဖြစ်ပါတယ်။ F35B က ကျတော့ ဒေါင်လိုက်ဆင်းသက်နိုင်ပြီးတော့ ပြေးလမ်းတိုတိုလေးကနေ ပျံတက်နိုင်ပါတယ်။ F35C ကကျတော့ လေယာဉ်တင်သင်္ဘောတွေမှာ သုံးနိုင်ပါတယ်။ အစ္စရေးကတော့ F-35I Adir လို့ခေါ်တဲ့ သူတို့နိုင်ငံအတွက် သီးသန့်မွမ်းမံထားတဲ့ အမျိုးအစားကို သုံးပါတယ်။
အမေရိကန်ဆီကနေ ဒီလေယာဉ်ဝယ်ခွင့်ရတာကိုက အထူးအခွင့်အရေးဖြစ်ပါတယ်။ အမေရိကန်ဥပဒေအရ "အစ္စရေးမှာ အရည်အသွေးပိုင်းဆိုင်ရာ စစ်ရေးသာလွန်မှု" (Qualitative Military Edge) ဆက်ရှိနေစေဖို့အတွက် အရှေ့အလယ်ပိုင်းမှာ အစ္စရေးတနိုင်ငံတည်းကိုပဲ ဒီလေယာဉ် ပိုင်ဆိုင်ခွင့်ပေးထားတာပါ။ အိမ်နီးချင်းနိုင်ငံတွေထက် အစ္စရေးက အမြဲတမ်း လက်နက်အင်အား သာလွန်နေရမယ်ဆိုတဲ့ သဘောတရားပါပဲ။
ဝါရှင်တန်ကို လာရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်းမှာ MBS လို့ အများသိတဲ့ ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆယ်လ်မန် ဟာ F-35 တိုက် လေယာဉ် ၄၈ စင်းအထိ ဝယ်ယူဖို့ ထရမ့်ပ်ဆီကနေ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဆော်ဒီက ဒီလေယာဉ်ကို လိုချင်နေတာ ကြာပါပြီ။ လိုချင်ရတဲ့အဓိက အကြောင်းရင်း ၃ ချက် ရှိပါတယ်။
နံပါတ်တစ်က ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းဖြစ်ပါတယ်။ F-35 ပိုင်တယ်ဆိုတာ ဝါရှင်တန်ရဲ့ အရင်းနှီးဆုံးနဲ့ အယုံကြည်ရဆုံး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပြသရာရောက်ပါတယ်။
နံပါတ် ၂ က အရန်အတားကောင်းရသွားတာပါ။ အီရန်နဲ့ တင်းမာမှုတွေ၊ ယီမင်ပဋိပက္ခတွေနဲ့ အနာဂတ် မရေရာမှုတွေကြောင့် ဒီလို နည်းပညာမြင့် ရေဒါပျောက်လေယာဉ်တွေက အင်မတန်တန်ဖိုးရှိပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ အမေရိကန်စနစ်တွေနဲ့ နီးနီးကပ်ကပ်ချိတ် ဆက်နိုင်စွမ်း ရှိလာတာဖြစ်ပါတယ်။ F-35 တွေ သုံး မယ်ဆိုရင် အမေရိကန်ရဲ့ လေ့ကျင့်ရေး၊ ပြုပြင် ထိန်းသိမ်းရေး၊ ထောက်လှမ်းရေး ကွန်ရက်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ခွင့်ရသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပြဿနာတော့ရှိနေပါတယ်။ ပထမပြဿနာက အစ္စရေးနဲ့ မျိုးဆက်တူ ရေဒါပျောက်တိုက်လေယာဉ်မျိုး ဆော်ဒီကို ဝယ်ခွင့်ပေးလိုက်မယ်ဆိုရင် အစ္စရေးရဲ့ အမြဲတမ်း ခြေတလှမ်းသာနေရမယ်ဆိုတဲ့ မူဝါဒ ထိခိုက်သွားနိုင်ပါတယ်။
ဒုတိယအချက်ကတော့ အမေရိကန်ရဲ့ စောင့်ကြည့်ထိန်းချုပ်မှုနဲ့ လူ့အခွင့်အရေးကိစ္စပါ။ ယီမင်စစ်ပွဲမှာ ပါဝင်ပတ်သက်မှုနဲ့ သတင်းစာဆရာ ဂျမဲလ်ခါရှော်ဂီ အသတ်ခံရတဲ့ ကိစ္စတွေကြောင့် ဆော်ဒီကို လက်နက်ရောင်းချတာ ကန့်သတ်ဖို့ အမေရိကန်ပါတီကြီးနှစ်ခုစလုံးက ကြိုးစားခဲ့ဖူးပါတယ်။
တတိယအချက်ကတော့ တရုတ်နဲ့ နည်းပညာလုံခြုံရေးပါ။ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ တရုတ်ကြားက စစ်ရေးနဲ့ နည်းပညာ ဆက်ဆံရေး ခိုင်မာလာတာကြောင့် F-35 ရဲ့ နည်းပညာလျှို့ဝှက်ချက်တွေ ပေါက်ကြားမှာကို အမေရိကန်တာဝန်ရှိသူတွေက စိုးရိမ်ကြပါတယ်။ အဲဒါကြောင့် ယူအေအီးကို F-35 ရောင်းဖို့ အစီအစဉ် ပျက်သွားခဲ့ဖူးပါတယ်။ အခု ဆော်ဒီအပေါ်မှာလည်း အလားတူ စိုးရိမ်မှုရှိနေတယ်။
တကယ်လို့ ဆော်ဒီ F-35 အရောင်းအဝယ်သာ ဖြစ်လာခဲ့ရင် ဆော်ဒီအာရေဗျဟာ ဒေသတွင်း စစ်အင်အားကြီးနိုင်ငံ ဖြစ်လာမှာဖြစ်သလို၊ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ ဆက်ဆံရေးဟန်ချက်ညီအောင် ထိန်းကျောင်းမှုမှာ အရွေ့တခုရှိလာတော့မှာဖြစ်ပါတယ်။
ကွန်ဂရက်လွှတ်တော် ဒါမှမဟုတ် နောင်တက်လာမယ့် အမေရိကန်အစိုးရတွေက ဒီရောင်းချရေးကို ဟန့်တားတာမျိုး၊ နှောင့်နှေးအောင်လုပ်တာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။
သက်ငယ်လိင်ပွဲစားကြီးနဲ့ လူကြီးလူကောင်းဖောက်သည်တွေအကြောင်း
ဂျက်ဖရီ အက်ပ်စတိန်းဆိုတာ ရှင်းအောင်ပြောရရင်တော့ ကိုယ်တိုင်လည်းကျူးလွန်သလို ကမ္ဘာတဝန်းက အာဏာရှိသူတွေ၊ တော်ဝင်မျိုးနွယ်တွေ သူဌေးကြီးတွေရဲ့ ကာမဆန္ဒအတွက် သက်မပြည့် မိန်းကလေးတွေ ရှာပေးခဲ့တဲ့ အင်တာနေရှင်နယ်လိင်ပွဲစားကြီးလို့ ပြောလို့ရပါတယ်။
အထက်တန်းလွှာတွေက အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို လိင်အမြတ်ထုတ်နေပြီးတော့ ဒီကိစ္စကြီးကို အာဏာရှိသူတွေ အစဉ်အဆက်က ကာကွယ်ပေးထားတယ်၊ လျှို့ဝှက်ပူးပေါင်းကြံစည်တယ်ဆိုတဲ့ အယူအဆက လက်ယာယိမ်း နိုင်ငံရေးလောကအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြတဲ့ အယူအဆဖြစ်ပါတယ်။
အက်ပ်စတိန်းဟာ အထက်၊ အောက်ဝဲယာတော့ တော်တော်ပိုင်တဲ့သူလို့ ပြောနိုင်ပါတယ်။ ၂၀၀၈ တုန်းက ပြည့်တန်ဆာကိစ္စမြှူခေါ်သွေးဆောင်မှု၊ အသက်မပြည့်သူတယောက်ကို ပြည့်တန်ဆာကိစ္စ မြှူခေါ် သွေးဆောင်မှုဆိုပြီးတော့ အမှုနှစ်မှုမှာ အပြစ်ရှိကြောင်း ဝန်ခံသဘောတူညီမှု ယူခဲ့ပါတယ်။ ဒါပေမဲ့ ထောင်ဒဏ် ၁၈ လပဲ ချမှတ်ခံရပြီးတော့ တကယ်တမ်း ထောင်ထဲမှာ ၁၃ လ ပဲ နေခဲ့ရပါတယ်။
၂၀၁၉ မှာမှ ဖက်ဒရယ်အဆင့်ကနေ လိင်ကုန်ကူးစွဲချက်တွေနဲ့ စွဲချက်တင်ပြီး ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ တရားရုံး မတင်နိုင်ခင်မှာပဲ နယူးယောက် အချုပ်ထောင်ထဲမှာ သူသေဆုံးသွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလို့ အာဏာပိုင်တွေက ကြေညာပေမဲ့ မယုံကြည်သူတွေ ရှိခဲ့ပါတယ်။
အက်ပ်စတိန်းရဲ့ ချစ်သူလို့အများသိကြပြီး၊ လက်ထောက်လည်းဖြစ်တဲ့ ဂီလိန်းမက်စ်ဝဲကိုတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ စုဆောင်း၊ လူကုန်ကူးဖို့ ပူးပေါင်းကြံစည်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ် နှစ် ၂၀ ချခဲ့ပါတယ်။ မက်စ်ဝဲလ်လည်းထောင်ထဲမှာ ဇိမ်ကျကျနေရတယ်ဆိုတဲ့ သတင်းတွေ ထပ်ထွက်လာပြန်ပါတယ်။
အက်ပ်စတိန်းနဲ့ ပတ်သက်လို့ သိမ်းဆည်းစုဆောင်းမိတဲ့ မှတ်တမ်းတွေအားလုံးကို ခြုံပြီးတော့ "Epstein files" လို့ ခေါ်တာဖြစ်ပါတယ်။
အဲဒီထဲမှာ FBI နဲ့ တရားရေးဌာနရဲ့ အမှုတွဲဖိုင်တွေ၊ အက်ပ်စတိန်းပိုင်တဲ့ နေရာတွေကို ဝင်ရောက်စီးနင်းရာမှာ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေ၊ ထိခိုက်ခံစားခဲ့ရသူတွေနဲ့ သက်သေတွေကို စစ်ဆေးမေးမြန်းထားတဲ့ မှတ်တမ်းတွေ၊ မက်စ်ဝဲလ် ရဲ့ တရားခွင်နဲ တခြားအမှုတွေက တရားရုံးစာရွက်စာတမ်းတွေ၊ အက်ပ်စတိန်း ဆီကရတဲ့ အီးမေးလ်တွေနဲ့ မှတ်တမ်းစာအုပ်တွေ ပါဝင်ပါတယ်။
ဒီအထဲက တချို့တဝက်ကိုတော့ အပိုင်းလိုက် လူသိရှင်ကြားဖွင့်ချထုတ်ပြန်ပြီးဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် ခရီးစဉ်မှတ်တမ်းတွေ၊ အဆက်အသွယ် စာအုပ်ထဲက တချို့အပိုင်းတွေနဲ့ သူ့ကို သိကျွမ်းသူတွေ၊ သူ့အိမ်တွေကို လာရောက်ခဲ့သူတွေရဲ့ နာမည်တွေ ပါတဲ့ တရားရုံးမှတ်တမ်းတချို့ ပေါ်ထွက်ခဲ့ပြီးပါပြီ။ ဒီမှတ်တမ်းတွေထဲမှာ နာမည်ပါရုံနဲ့တော့ အပြစ်ရှိတယ်လို့ စွပ်စွဲဖို့ မခိုင်လုံပါဘူး။ နာမည်ကြီး ပုဂ္ဂိုလ်တော်တော်များများကတော့ အက်ပ်စတိန်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ သူတို့ ဘာမှ မသိဘူးလို့ ပြောင်ပြောင်တင်းတင်းငြင်းဆိုထားကြပါတယ်။
လက်ရှိ ထုတ်ပြန်ပြီးမှတ်တမ်းတွေမှာတင် နာမည်ကြီး ပုဂ္ဂိုလ်အများအပြားရဲ့ နာမည်တွေ ပါဝင်နေပါတယ်။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ လက်ရှိ ဗြိတိန်ဘုရင်ချားလ်စ်ရဲ့ ညီတော် အင်ဒရူး ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့ ဟားဗတ်ဥက္ကဋ္ဌဟောင်း လာရီဆမ်းမား၊ နည်းပညာသူဌေးကြီး အီလွန်မတ်စ်နဲ့ တခြားအရာရှိကြီးတွေ၊ သူဌေးကြီးတွေ ပါဝင်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အင်ဒရူးဟာ တော်ဝင်မင်းသားဘွဲ့ စွန့်လွှတ်ခဲ့ရပြီး အိမ်တော်ကဆင်းပေးခဲ့ရ၊ အရပ်သားနာမည်ပြောင်းခဲ့ရပါတယ်။
ထရမ့်ပ်ကိုယ်တိုင်လည်း မှတ်တမ်းတွေမှာ ပါဝင်နေပါတယ်။ အဆက်အသွယ် စာအုပ်ထဲမှာရော၊ လေယာဉ်ခရီးစဉ် မှတ်တမ်းတွေမှာရော၊ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေမှာပါ တွေ့ရပါတယ်။ ထရမ့်ပ်ကတော့ ပထမအမှု မဖြစ်ခင်ကတည်းက အက်ပ်စတိန်းနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပြီး ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ငြင်းဆိုထားပါတယ်။
အဖြေမရသေးတဲ့ မေးခွန်းတွေကတော့ အခုထိ လျှို့ဝှက်ထားတဲ့ အချက်အလက်တွေထဲမှာ ရှိနေနိုင်ပါတယ်။ အဲဒီထဲမှာ ၂၀၀၈ ခုနှစ် အပြစ်ဝန်ခံမှု သဘောတူညီချက်နဲ့ ပတ်သက်တဲ့ FBI နဲ့ တရားရေးဌာနတွင်း ဆွေးနွေးချက်တွေ၊ စုံစမ်းစစ်ဆေးခံခဲ့ရပေမဲ့ တရားစွဲ မခံရသူတွေရဲ့ နာမည်တွေ၊ နိုင်ငံခြားအဆက်အသွယ်တွေ ခြိမ်းခြောက်ငွေညှစ်မှုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေ ပါဝင်နိုင်ပါတယ်။
အစောပိုင်းမှာ အမေရိကန်အစိုးရအဖွဲ့ကိုယ်တိုင်က ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့ လုံခြုံရေး အကြောင်းပြချက်အရ နောက်ထပ် အချက်အလက်တွေမထုတ်ပေးဖို့ တားဆီးမှုတွေရှိခဲ့ပါတယ်။
ထရမ့်ပ် ထောက်ခံသူရော၊ ဆန့်ကျင်သူတွေဆီကပါ ဖိအားတွေကြုံရပြီးတဲ့နောက်မှာ ထရမ့်ပ်ဟာ သဘောထားပြောင်းသွားပြီး ကျန်ရှိနေတဲ့ အက်ပ်စတိန်း မှတ်တမ်းတွေကို ထုတ်ပြန်ပေးရေးကို ထောက်ခံခဲ့ပါတယ်။ တရားရေးဌာနကို ဖိအားပေးတဲ့ ဥပဒေကြမ်းကို ထောက်ခံဖို့ လွှတ်တော်က ရီပတ်ဘလစ်ကန်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
အစိုးရအသုံးစရိတ်ဘတ်ဂျက်မှာတောင် ညှိမရလို့ လနဲ့ချီပြီး အစိုးရ ယန္တရားရပ်ဆိုင်းစေခဲ့တဲ့ လွှတ်တော်ဟာ ဒီကိစ္စ မှာတော့ နှစ်ပါတီစလုံး တခဲနက်သဘောတူခဲ့ကြပါတယ်။ အောက်လွှတ်တော်မှာ ကန့်ကွက်မဲ တမဲပဲရှိပြီး အတည်ပြုနိုင်ခဲ့သလို အထက်လွှတ်တော်မှာလည်း ကန့်ကွက်သူမရှိတဲ့အတွက် မဲခွဲစရာမလိုဘဲ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီဥပဒေအရ တရားရေးဌာနနဲ့ FBI တို့ဟာ သူတို့ရဲ့ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွေကို သတ်မှတ်ချိန်အတွင်း ထုတ်ပြန်ပေးရတော့မှာပါ။
ထရမ့်ပ်အတွက်ကတော့ ဒီမှတ်တမ်းတွေ ထုတ်ပေးတာကို ထောက်ခံပေးလိုက်တာဟာ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်ပါတယ်။ သူ့ကိုထောက်ခံသူတွေရဲ့ "အမှန်တရားဖော်ထုတ်ရေး" တောင်းဆိုချက်ကို လိုက်လျောရာရောက်သလို၊ မှတ်တမ်းထဲမှာ ဘာတွေပါပါ သူ မကြောက်ဘူးဆိုတာကို ပြသရာလည်း ရောက်ပါတယ်။ ပြီးတော့ ဒီကိစ္စနဲ့ သူ့တယောက်တည်းကို ပစ်မှတ်ထားထိုးနှက်နေတာတွေ လျော့နည်းသွားပြီးတော့ တခြား နာမည်ကြီး လူကြီးလူကောင်းဆို သူတွေဘက်ပါ မြှားဦးလှည့်သွားအောင် လုပ်ပေးရာလည်းရောက်ပါတယ်။
ထိခိုက်နစ်နာခဲ့သူတွေနဲ့ လူထုကတော့ ဘယ်သူတွေ ဘာသိခဲ့လဲ၊ ဘယ်သူတွေ ကူညီခဲ့လဲ၊ ဘယ်သူတွေ မသိချင်ယောင်ဆောင်ခဲ့လဲ၊ ပြီးတော့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ကာကွယ်ဖို့ စနစ်ကြီးတခုလုံး ဘယ်လိုပျက်ကွက်ခဲ့လဲ ဆိုတာကို အမှန်အတိုင်း ပေါ်လာစေဖို့ကပဲ အဓိက ကျနေပါတယ်။
နိဂုံး
ထရမ့်ပ်ကို ဗဟိုပြုပြီး ဆက်စပ်နေတဲ့ စစ်ပွဲ၊ လက်နက်နဲ့ လျှို့ဝှက်ချက်တွေအကြောင်း စုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ထရမ့်ပ်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်က တကယ်ပဲ အောင်မြင်ဖို့ အခွင့်အလမ်းရှိပါ့မလား။ ဒါမှမဟုတ် အချိန်ဆွဲနေတာ သက်သက်ပဲလား။
ဆော်ဒီကို F-35 ရောင်းမယ့်ကိစ္စက အရှေ့အလယ်ပိုင်း စစ်အင်အားချိန်ခွင်လျှာကို တကယ်ပဲ ပြောင်းလဲသွားစေမလား။ အက်ပ်စတိန်းရဲ့ မှတ်တမ်းတွေဟာ အာဏာအသပြာရှိသူတွေ ဥပဒေဘောင်က လွတ်မြောက်ပြီး ထင်ရာစိုင်းမိုက်ရိုင်းခဲ့ကြတာတွေရဲ့ သက်သေလား။ ဆိုတဲ့အပေါ် DVB ပရိသတ်တွေ ရဲ့အမြင်တွေ comment မှာ မှတ်ချက်ရေးခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။
စိုင်းခေတ်နွေ


