Home
နိုင်ငံတကာ
နယူးယောက်မြို့တော်ဝန်က ဖက်ဆစ်ဟုခေါ်ဝေါ်ခဲ့သည့်အပေါ်  စိတ်ထဲမထားဟု ထရမ့်ပ်ပြော
DVB
·
November 22, 2025
Photo :Reuters

နယူးယောက်မြို့တော်ဝန်က သူ့ကိုဖက်ဆစ်လို့ ခေါ်ဝေါ်ခဲ့တဲ့အပေါ် စိတ်ထဲမထားပါဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။

ထရမ့်ပ်ကို ဖက်ဆစ်လို့ ခေါ်ခဲ့တာနဲ့ပတ်သက်ပြီး နယူးယောက်မြို့တော်ဝန် မန်ဒါနီကို အိမ်ဖြူတော်မှာ သတင်းထောက်က မေးမြန်းခဲ့တဲ့အချိန် ထရမ့်ပ်က ကြားဖြတ်ပြီးပြောခဲ့တာပါ။

ထရမ့်ပ်က “ပြောချင်တာပြောလို့ အဆင်ပြေပါတယ်။ စိတ်ထဲမထားပါဘူး” လို့ ကြားဖြတ်ပြောခဲ့တာဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ မန်ဒါနီတို့ဟာ နိုင်ငံရေးအပေါ်သဘောထားမတူညီပေမဲ့ ဘဲဥပုံရုံးခန်းမှာတွေ့ဆုံချိန် အကျိုးရှိတဲ့တွေ့ဆုံမှုအတွက် ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထရမ့်ပ်က မယုံကြည်နိုင်စရာကောင်းတဲ့ ပြိုင်ဆိုင်မှုလို့ ပြောခဲ့ပြီး မန်ဒါနီကို ချီးကျူးခဲ့ကာ သူတို့ ၂ ယောက်ဟာ နိုင်ငံရဲ့ အကြီးဆုံးမြို့ရဲ့ ဘဝတိုးတက်ဖို့ ကတိပြုထားတာမျိုး ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အိမ်ရာ၊ စားသောက်ကုန်ဈေးနှုန်း၊ စွမ်းအင်ကုန်ကျစရိတ်တို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပြီး နယူးယောက်မြို့တိုးတက်ဖို့ ကြိုးစားမယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

ပါတီမရွေးဘဲ မန်ဒါနီရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံမှာ ဖြစ်ကြောင်းနဲ့ သူပိုကောင်းတာတွေ လုပ်ရင် ကျနော်ပိုပြီး ဝမ်းသာမှာပါလို့လည်း ထရမ့်ပ်က ပြောပါတယ်။

အရင်က ထရမ့်ပ်ကို ဝေဖန်ခဲ့ဖူးတဲ့ မန်ဒါနီက နယူးယောက်မြို့မှာ အိမ်ငှားခဈေးမြင့်တာတွေ၊ စား သောက်ကုန်ဈေးနှုန်းကြီးတာနဲ့ နေထိုင်စရိတ်ကြီးမြှင့်မှုကြောင့် ရုန်းကန်နေရတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

နယူးယောက်အခြေစိုက် ဝန်ဆောင်မှုကုမ္ပဏီ ကွန်အက်ဒီဆန်နဲ့ ဈေးနှုန်းကျဆင်းရေး ဆွေးနွေးဖို့ လိုအပ်ကြောင်းလည်း ထရမ့်ပ်က ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် သတင်းထောက်က ထရမ့်ပ်ငြိမ်းချမ်းရေးအတွက် ကြိုးစားနေချိန်မှာ ဂါဇာကို အမေရိကန်အစိုးရက စစ်ရေးအတွက် ပံ့ပိုးမှုတွေ ပြုလုပ်နေတယ်ဆိုတာ ဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းမှုကို မန်ဒါနီက ဖြေကြားခဲ့ပါသေးတယ်။

အစ္စရေးတွေ လူမျိုးတုံး သတ်ဖြတ်နေတာနဲ့ အမေရိကန်အစိုးရက ငွေကြေးပံ့ပိုးပေးတာတွေကို ကျနော်ပြောခဲ့ကြောင်း၊ ဒါ့အပြင် အခွန်ဆောင်ထားတဲ့ နယူးယောက်မြို့သားတွေက သူတို့ရဲ့အကျိုးစီးပွားနဲ့ အခြေခံဂုဏ်သိက္ခာတွေအတွက် အကျိုးရှိဖို့လိုချင်တာကို ထရမ့်ပ်ကို ပြောခဲ့ကြောင်း မန်ဒါနီကပြောပါတယ်။

ဒါ့အပြင် နယူးယောက်မှာ အိမ်ခြေမဲ့ ကျောင်းသား ၁၀၀,၀၀၀ ကျော်ရှိတာ ၉ နှစ်ဆက်တိုက်ရှိနေတယ်ဆိုတာတွေလည်း ပြောခဲ့ကြောင်း၊ လူ့အခွင့်အရေးအတွက်ရော ပေးထားတဲ့ ကတိတွေ အတွက်ပါ လုပ်ဆောင်ဖို့ရှိကြောင်းနဲ့ ဒီတွေ့ဆုံမှုမှာ ကျနော်တို့ လုပ်နိုင်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း ကျေနပ်မိကြောင်း မန်ဒါနီက ဖြေကြားခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013