
B-2 ဗုံးကြဲလေယာဉ်တွေ အမေရိကန်က ထပ်ပြီးမှာထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
နော့သပ်ဂရမ်မာကနေ B-2 ဗုံးကြဲလေယာဉ်တွေ အမြောက်အမြားမှာဖို့ ထရမ့်ပ်က အမေရိကန်အစိုးရအဖွဲ့ကို အမိန့်ပေးခဲ့တာဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းက အီရန်နျူကလီးယားစက်ရုံတွေကို အမေရိကန်က တိုက်ခိုက်မှုပြုလုပ်တဲ့နေရာမှာ B-2 ဗုံးကြဲလေယာဉ်တွေ အသုံးပြုခဲ့တာဖြစ်ပါတယ်။
ထရမ့်ပ်က “လှပတဲ့ B-2 ဗုံးကြဲလေယာဉ်တွေဟာ အီရန်နျူကလီးယားစက်ရုံအတွက် ပံ့ပိုးမှုပြု လုပ်တဲ့နေရာတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ လေယာဉ်တွေ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေ အမြောက်အမြား ကျနော်တို့မှာထားပါတယ်။ ဒီလေယာဉ်တွေနဲ့ ကျနော်တို့ မယုံကြည်နိုင်စရာ ကောင်းတာတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မမြင်နိုင်တဲ့ တိုက်ခိုက်မှုတွေပေါ့”လို့ ပြောပါတယ်။
B-2 ဗုံးကြဲလေယာဉ်တွေဟာ အလင်းရောင်မရှိတဲ့အချိန်မှာလည်း စစ်ဆင်ရေးပြုလုပ်နိုင်ပြီး ပစ်မှတ်ကို ထိမှန်အောင်တိုက်ခိုက်တဲ့နေရာမှာ ကိုယ်ပျောက်လေယာဉ်တွေလို့လည်း တင်စား ခေါ်ဝေါ်ကြပါတယ်။
B-2 ဗုံးကြဲလေယာဉ်တွေကို အမေရိကန်ကာကွယ်ရေးလေယာဉ်တွေ ထုတ်လုပ်တဲ့ နော့သပ်ဂရမ်မာကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။
နော့သပ်ဂရမ်မာ လုပ်ငန်းဟာ အမေရိကန်အစိုးရရဲ့ တိုက်ခိုက်ရေးလက်နက်တွေ ထုတ်လုပ်ပေးတဲ့ ၅ ခုမြောက် လုပ်ငန်းပဲဖြစ်ပါတယ်။
B-2 Spirit ဗုံးကြဲလေယာဉ်တွေကို ၁၉၉၈ ခုနှစ်က စတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဝေဟင်ပစ်အမြောက်တွေရဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ပြီး ထောက်လှမ်းရခက်တဲ့ လေယာဉ်အဖြစ် လူသိများပါတယ်။
B-2 လေယာဉ်တွေဟာ အမြင့်ပေ ၅၀,၀၀၀ ကနေ စစ်ဆင်ရေးပြုလုပ်နိုင်ပြီး ဆီမဖြည့်ဘဲ မိုင်ပေါင်း ၆,၀၀၀ ပျံသန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
Source:Reuters


