
မန်းတက္ကသိုလ်၊ ပြည့်စာဆိုကြီး
ထိုထိုကဗျာ၊ သူမြင်ရာများ
မှန်တရားတို့၊ ရေးသားခဲ့သည်
မောင်ပေါက်စည်ကား၊ မွေးဖွားခဲ့တာ
ကိုးဆယ့်သုံးနှစ် ပြည့်ပါပြီတကား။ ။
မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကို အဖ မန္တလေး သာသာနာပိုင်နယ် ဂိုဏ်းထောက်ကြီး ဦးလုကာဘိုးကဲ (ဗမာ)၊ အမိ ဒေါ်လေးဆင့် (ကရင်) တို့မှ မြစ်သားမြို့မှာ ၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ မွေးဖွားခဲ့တယ်။ မွေးချင်း ငါးဦး အနက် တတိယမြောက် သားဖြစ်ပြီး နာမည်ရင်း အင်ဒရေမြဟန် ဖြစ်တယ်။ အခုထိ သက်ရှိထင်ရှားဦးမယ်ဆိုရင် ၉၃ နှစ်ပြည့်ပြီပေါ့။
သမိုင်း
ကြည်။
ပဲပြုတ်နဲ့ နံပြား
စားချင်သည်။
ရှေးအတေတီက မှတ်တမ်း
သူရဲကောင်း သခင်အောင်ဆန်း
သမိုင်းနဲ့လွမ်း။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
စင်ကာပူ (MRT ပေါ်မှာရေး)
တချိန်တခါက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကို နဝတ စစ်အစိုးရက ဖျောက်ဖျက်ခဲ့ချိန်တုန်းကတည်းက ဆရာကြီးဟာ ဒီကဗျာကို မကြောက်မရွံ့ ရေးခဲ့တာပါ။ ဆရာ အင်ဒရူးမြဟန်ဟာ ငယ်စဉ် တောင်ကျေးက ကလေးဘဝကနေ ဆယ်တန်းအောင်အထိ ရန်ကုန် စိန်မေရီ စာသင်ကျောင်းနဲ့ စိန်ဂျွန်းဒိုင်အိုစီစင် တက္ကသိုလ်ကျောင်းတွေမှာ ပညာသင်ခဲ့တယ်။ မန္တလေး တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ၁၉၅၉ ခုနှစ်က မန်းတက္ကသိုလ် ကျောင်းသား မောင်ပေါက်စည်နဲ့ မန္တလေး တက္ကသိုလ် ကလောင်ရှင်အသင်း ဥက္ကဋ္ဌ တင်မိုးတို့ ပေါင်းပြီး မန္တလေးမြို့ နှစ်တရာပြည့် ပွဲတော်ကြီး ဖြစ်တဲ့ မန်းရာပြည့်ပွဲတော် အထိမ်းအမှတ် မန်းရာပြည့် ကဗျာများ စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ဆရာမောင်ပေါက်စည်ဟာ ကဗျာဆရာကြီးတင်မိုးလိုပဲ လက်ထဲမှာ ဘောပင်နဲ့ စာအုပ်အမြဲဆောင်ထားပြီး ကဗျာတွေ ရေးနေတတ်သူပါ။
လွတ်လပ်ရေးကြီးရမရ
အချစ်ကို မတွေး
အသစ်ကို မတွေး
စစ်ကိုတော့ ဆွေးနွေး
အရေးက တရေး
လွတ်လပ်ရေး
ပညာကိုသင်
အမြင်ကို တည်ဆောက်
ကျွန်သဘောက်မဖြစ်ရေး။
အချစ်ကို မတွေး
အသစ်ကို မတွေး
စစ်ကိုတော့ ဆွေးနွေး
အရေးက တရေး
လွတ်လပ်ရေး
လွတ်လပ်ရေးသည် အဓိက
အခြားအရာ သာမည
လွတ်လပ်ရေးကို ရမှရ
ကျွန်ဘဝ
မသေကြစတေး
ဤကဗျာရေး။ ။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
ဆရာ့ရဲ့ လွတ်လပ်ရေးဟာ ကိုလိုနီလက်အောက်က လွတ်လပ်ရေးကို ရည်ရွယ်တာတော့ မဟုတ်တန်ရာပါ။ စစ်ကျွန်အဖြစ် နွံနစ်မခံ လွတ်ရန်အရေးကိုသာ ရေးခဲ့တယ်လို့ထင်ပါတယ်။ ဆရာကြီးဟာ ခရစ်ယန်သာသနာပိုင်ချုပ် ဖြစ်ပေမဲ့ ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ ထုံးစံ ယဉ်ကျေးမှုတွေကို သူ့ရဲ့ ကဗျာတွေထဲမှာ တွေ့နေရပါတယ်။
၁၉၅၈ ခုနှစ်က ၁၉၆ဝ ပြည့်ထိ သာသနာပိုင်ကြီး ဦးဖရန်စစ်အာမြ ဦးဆောင် ပြုလုပ်တဲ့ ရှေ့ပြေး သာသနာပြု စီမံကိန်း စိန့်ပီတာ အထက်တန်းကျောင်းမှာ ကျောင်းအုပ် လုပ်ခဲ့တယ်။ ၁၉၆၃ က ၁၉၆၅ ခုအထိ ရန်ကုန်မြို့ ကားတိုင် ကျမ်းစာကျောင်းမှာ ဓမ္မပညာရပ်တွေ ဆက်လက် ဆည်းပူးခဲ့တယ်။ ၁၉၆၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ရန်ကုန် သာသနာပိုင်ကြီး ဗွီ၊ ဂျီ၊ ရှာဘန်းက ရန်ကုန်မြို့ ကသီဒြယ် ကျောင်းတော်ကြီးအတွင်း သူ့ကို သင်းထောက်သိက္ခာ ပေးခဲ့တယ်။
၁၉၇၄ ခုနှစ်၊ မေလ ၁ ရက်နေ့က ရန်ကုန်မြို့ ရှင်မိက္ခေလ ဘုရားကျောင်းမှာဆရာမ ဒေါ်ဒေါ်လီနဲ့ ထိမ်းမြား လက်ထပ်ခဲ့တယ်။
၁၉၈၃ ခုနှစ်၊ စက်တင်ဘာမှာ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ် ခံခဲ့ရပြီး ၁၉၈၈ ခုနှစ်၊ ဧပြီလထိ ဖြစ်တယ်။
သာသနာပိုင်ချုပ် အန်ဒရေ ဦးမြဟန်ကို လူငယ်ဘဝ၊ ကျောင်းသားဘဝ၊ ဘုန်းတော်ကြီးဘဝနဲ့ ရာထူးကြီးတွေကို လက်ခံရယူ ထမ်းရွက်ရတဲ့ ဘဝတလျှောက်လုံး စာပေ ဖတ်ရှုတာ၊ စာပေကဗျာ ရေးသားတာတွေ ဝါသနာထုံသူ ဖြစ်လို့ မောင်ပေါက်စည် ကလောင် အမည်နဲ့ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာတွေ ရေးသားခဲ့တယ်။
"စိတ်တလုံး"
စိတ်တလုံး
အပြုံးတခုကိုပေါ်စေ၏။
စိတ်တလုံး
အမုန်းတခုကိုဖော်လေ၏။
စိတ်တလုံး
အရှုံးတခုကိုခေါ်နေ၏။
အပြုံး အမုန်း
အရှုံး မဆုံးစေဘဲ
သုဉ်းသုညသုဉ်း မဖြစ်စေနဲ့
စိတ်သစ်ရင်အောင်ပွဲ။ ။
၇-၁၂-၉၆
မောင်ပေါက်စည်( မန်းတက္ကသိုလ်)
ဆရာတင်မိုးရဲ့ အောင်စိတ် ကဗျာလိုပါပဲ။ စိတ်က အောင်မြင်မယ်လို့ စွဲထင်နေရင် အောင်မြင်ရမယ်ပေါ့။ အခုနွေဦးတော်လှန်ရေးမှာလည်း ငါတို့ နိုင်မယ်လို့ စွဲထင်နေရင် နိုင်ရမယ်လေ။ ပြုံးပြုံးလေး ရုပ်ရှင်ထဲမှာလည်း ဒါရိုက်တာကိုပေါက်က နွေဦးတော်လှန်ရေးမှာ မင်းနိုင်မယ်လို့ ထင်နေရင် မင်း နိုင်ကိုနိုင်မယ်လို့ သတင်းစကား ပြောခဲ့ပါသေးတယ်။
ဆရာကြီးဟာ သာသနာပိုင်ဘဝနဲ့ အမှုတော် ထမ်းဆောင် ကာလတလျှောက် ဂျမေကာ၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ အင်္ဂလန်၊ ဂျာမနီ၊ ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ ဆိုက်ပရပ် စတဲ့ နိုင်ငံတွေကို သွားပြီး ဘာသာရေး ဆိုင်ရာ အစည်းအဝေးတွေမှာ အတွေ့အကြုံတွေ တက်ရောက် ဝေမျှခဲ့တယ်။ ခရစ်ယာန် ဘာသာဝင် တဦး ဖြစ်ပေမယ့် မြန်မာစာပေကို နှစ်သက်ပြီး လေ့လာ လိုက်စားစိတ်ရှိသူပါ။ စစ်ပြီးခေတ် မန္တလေး တက္ကသိုလ် သမိုင်းမှာ ပထမဦးဆုံး မြန်မာစာ ဂုဏ်ထူး ရခဲ့သူတဦး ဖြစ်ပါတယ်။ လေးချိုး၊ တေးထပ်၊ ဘောလယ်၊ တျာချင်း၊ အိုင်ချင်း အစရှိတဲ့ ဂန္ထဝင် ပုံစံ ကဗျာတွေကို ရေးစပ် သီကုံးနိုင်တဲ့အထိ မြန်မာစာပေကို ဝါသနာထုံသူပါ။
မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်ရဲ့ အနားယူ သာသနာပိုင်ချုပ်ကြီး ဖြစ်တဲ့ ဒေါက်တာ အန်ဒရေမြဟန် (ခေါ်) ကဗျာဆရာ မောင်ပေါက်စည်ဟာ ၂၀၀၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ မနက် ၁၁ နာရီ အချိန်က ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပါတယ်။
ဧည့်သည်
ဝင်ရောက်ခိုနား
သူပျံသွားသော်
ကိုင်းဖျားသိမ့်သိမ့်ခါသတည်း။ ။ ၁၉၅၈
မောင်ပေါက်စည် (မန်းတက္ကသိုလ်)
မောင်ပေါက်စည်ရဲ့ ကဗျာက "ဧည့်သည်" ဖြစ်တယ်။ တင်မိုးရဲ့ ကဗျာက "ဧည့်သည်ကြီး" ဖြစ်ပါတယ်။ အင်ဒရေ မြဟန်ကနေ မောင်ပေါက်စည် ကလောင်အမည်ကိုတော့ စာဆိုကြီး စလေဦးပုညကို ကြိုက်လွန်းလို့ ဦးပုညရဲ့ ငယ်နာမည် မောင်ပုတ်စည်ကိုယူထားတာပါတဲ့။ မောင်ပုတ်စည်ကနေ မောင်ပေါက်စည် ဖြစ်လာတာပါတဲ့။ မန်းတက္ကသိုလ်ကို နောက်ကထည့်တာကတော့ မန္တလေးတက္ကသိုလ်ထွက် ကဗျာဆရာပေါ့။ ဟိုတုန်းကဆို သိန်းဖေမြင့်၊ အမ်အေဒေါ်အုန်း၊ လူထုဒေါ်အမာ စတဲ့ မန်းတက္ကသိုလ်ထွက် စာရေးဆရာတွေ ရှိခဲ့တယ်။ မောင်ပေါက်စည်တို့ခေတ်မှာလည်း မောင်ပေါက်စည်၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး စတဲ့ ကဗျာဆရာတွေ ပေါ်ပေါက်ခဲ့တာပါ။ ဆရာမောင်ပေါက်စည်ကို (သူ့အိမ်မှာတော့ မိဘတွေက "ပေါက်စီ" လို့သာခေါ်ပါတယ်။)(စည်) မဟုတ်ပါလို့ ဆရာမောင်စွမ်းရည်က ပြောပါတယ်။ အမည်ရင်း အင်ဒရူးမြဟန်၊ အိမ်ခေါ်အမည် ပေါက်စီ၊ ကလောင်အမည် မောင်ပေါက်စည် ပေါ့။
စာပေသူရဲကောင်း
ဗုဒ်သုံးဗုဒ်
သုတ်သုံးသုတ်
ကျွန်ုပ်ပညာရှာသည့်တော
ထိငါးထိ
ဝိန္ဒာမိ
လွန်တာရှိ
မိုးပြည့်လက်စုံမိုး
အစု
အတု
အပြု
ယေရှုကျမ်းဂန်
ရကန်အဲမောင်း
ထောင်းလမောင်းကျေ
ဒိုးလိုမွှေသော်
စာပေသူရဲကောင်းဖြစ်လတံ့။ ။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)
ဆရာကြီးမင်းသုဝဏ်သို့
စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်တို့ လက်စောင်းထက်နေချိန်ကပေါ့။ ဆရာကြီး မောင်ပေါက်စည်ဟာ ဂျပန်နိုင်ငံကို ရောက်တိုင်း ရွှေမော်ကွန်း စာစောင်အဖွဲ့သားတွေဆီကို သွားတယ်။ ရွှေမော်ကွန်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာပေတွေ ထုတ်ဝေနေတဲ့အဖွဲ့ပါ။ သွားတယ်။ သွားတိုင်းလည်း လက်တဝါးစာလောက် စာရွက်စလေးတွေ အထပ်လိုက် လက်ဆောင် ပေးလေ့ရှိပြီး ကဗျာလေးတွေ စာလေးတွေ ဖြစ်ပါတယ်တဲ့။ သူလာတိုင်း မြန်မာပြည်က ဆင်ဆာမိတဲ့ စာမူတွေ အထပ်လိုက်ယူလာလေ့ရှိပါတယ်။ အဲဒီအချိန်က စစ်ထောက်လှမ်းရေးတွေ အင်မတန် လက်စောင်းထက်ချိန်မို့ တော်ရုံလူ ယူမလာဝံ့တဲ့ စာမူတွေ ယူလာပေးသူပါ။ သူက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကြီးလည်းဖြစ်၊ ခရစ်ယာန်သာသနာပိုင်ချုပ်တဦးလည်း ဖြစ်တာကိုး။
တခါတော့ ဆရာကြီးမင်းသုဝဏ်ရဲ့ စာမူတွေသယ် လာခဲ့ပါတယ်။ 'ဘကြီးအောင်ညာတယ်' ဆိုတဲ့စာမူတွေလည်း အပါအဝင်ပေါ့။ ထူးခြားတာက အင်္ဂလိပ်လို G H လုဒ် တို့လို အထင်ကရ ဆရာကြီးတွေ ဘာသာပြန်ထားတာမျိုးတွေပါ။ ထုတ်ဝေဖြစ်ဖို့သာ အဓိက။ ထုတ်ဝေဖြစ်ရင်တော့ စာအုပ်လေး လက်ဆောင်ရရင် ဆရာကြီးမင်းသုဝဏ်က ကျေနပ်ပါပြီလို့လည်း မှာလိုက်ကြောင်း ပြောပြပါတယ်။ ကြည်ညိုစရာ စာဆိုတော်ကြီးပါ။ (ဆရာကြီးမင်းသုဝဏ်ဆိုတာကလည်း ၁၉၉၀ လွှတ်တော်အမတ်။ ပြီးခဲ့တဲ့ သမ္မတကြီး ဦးထင်ကျော်ရဲ့ အဖေ။ ဆိုတော့ ဦးခင်ညွန့်တို့ခေတ်မှာ အမည်တောင် ဖော်ပြခွင့်မရသူပါ။ သပြေညိုဆရာကြီးလို့ သုံးကြသလို သူ့ကိုယ်သူတော့ ခွေးအဖိုး (မောင်ခွေးဖို့ကဗျာရေးသူမို့) လို့ သုံးပါတယ်။) ဆရာကြီး မင်းသုဝဏ်က သူ့စာတွေကို ပြည်ပမှာ ထုတ်ဝေပေးလို့ ဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကို ကျေးဇူးတင်လွန်းလို့ အင်္ဂလန်အစည်းအဝေးမှာ ဝတ်ဖို့ အနောက်တိုင်းဝတ်စုံ တစုံချုပ်ပေးပြီး ဂါရဝပြုတော့ အင်မတန် ဂုဏ်ယူရှာပါသတဲ့။
ငြိမ်းချမ်းရေး
တို့က - ရွှေ-
မပြေလည်သူသာ-ကြေး-
သရုပ်သကန်နဲ့
အဟုတ်အမှန်ပြောရရင်
စောဒကလဲ မတက်ဝံ့ပါဘူး
မောဟလည်း မဖက်ဝံ့ပါဘူး
ဒေါသလည်းမထွက်ဝံ့ပါဘူး။
ကမ္ဘာကုန်ကျယ်သရွေ့၊ မတွေ့တွေ့အောင်ရှာဖွေမယ်
လေအသုန်နဲ့လိုက်မယ်
ရေအစုန်နဲ့လိုက်မယ်
မြေအဟုန်နဲ့လိုက်မယ်။
အမိုက်လုံဖိုမထိုးဘဲ
အဖိုးရယ်၊ အဖွားရယ်
အမိုးရယ်၊ အပါးရယ်
ရေမှာသားလို့ခြားမထင်သလို၊
အမြင်မှန်လောင်းလှေကလေးနဲ့
ရေအေးကြည် ချောင်းရေကလေးမှာ။
စောင်းသံ
မောင်းသံ
သောင်းယံထိကြားစေသတည်း။
(မောင်ပေါက်စည်-မန်းတက္ကသိုလ်) ၁၉၉၄
ကြိုက်နှစ်သက်တဲ့ သဘောကျတဲ့ အမှန်တရားတွေနဲ့ ပြည့်လျှံနေတဲ့ ဆရာကြီးမောင်ပေါက်စီရဲ့ ကဗျာတွေကို ဖော်ပြပေးရင်တော့ ကုန်အံ့မထင်ပါ။ ၂၀၀၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့က သူဟာ ခရစ်တော်၌ အိပ်ပျော်သွားခဲ့တာ နှစ်ပေါင်း ၂၀ ပြည့်ပါတော့မယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ဟာ သူ့ရဲ့ ၉၃ နှစ်ပြည့်ပါ။ ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့ ဆိုပေမဲ့လည်း စာပေ ကဗျာ အမှန်တရား ကြံ့ခိုင်စိတ်ဓာတ် ပြောရဲ ဆိုရဲ သတ္တိခဲ ဆရာကြီး မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကိုတော့ သတိတရ လွမ်းတသသ ရှိနေဆဲပါ။ ။
မောင်တူး


