
ထန်းတက် ထွန်းစီး၊ ငါးကြီးဖမ်းနေ
ပြည်သူတွေတွက်
ရတက်မအေး၊ ကဗျာရေးသူ
ကိုလေး (အင်းဝဂုဏ်ရည်)၊ သက်တော်ရှည်စွာ
ကဗျာဆရာကြီး။ ကွယ်လွန်ပြီးမှာ
အလွမ်းစာရေးလိုက်ရပါသည်။ ။
ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ဟာ ၂၀၂၅ နိုဝင်ဘာ ၂၂ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ် ရှိပြီဖြစ်ပါတယ်။ ရတု ရကန်တွေ ရှေးကဗျာတွေကို နှုတ်တိုက် ဌာန်ကရိုဏ်းကျ သီဆိုပြလေ့ရှိတဲ့သူပါ။ မြန်မာစာပေတွေ ဆုတ်ယုတ်ကျဆင်းနေတာတွေကို ထန်းတက် ထွန်စီး အလုပ်သမား လယ်သမား ကျောင်းသား ပြည်သူတွေအတွက် ရတက်မအေး စာပေဟောပြောပွဲတွေမှာ ပြောလေ့ရှိတဲ့ ကဗျာဆရာကြီး ဖြစ်တာပါ။ သက်ရှိ မြန်မာအဘိဓာန်ကြီးလို့တောင် တင်စားကြပါရဲ့။ ဆရာကြီး ဆုံးပါးသွားတာ နစ်နာလှလေခြင်းလို့ နှမြောတသသံတွေလည်း ကြားနေရတာပါ။ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ရဲ့ သတင်းကို ကြားရစမှာ သူ့ကဗျာတပုဒ်က ကျနော့် အတွေးမှာ ချက်ခြင်းပေါ်လာပါတယ်။
မြန်မာပြည်
အပြင်ကခွေး
အိမ်ကခွေး
နှစ်ခွေးပေါင်းတော့ ခြံကြက်ပြောင် . . . .။ ။
ကိုလေး (အင်းဝဂုဏ်ရည်) ၂၀- ၅- ၂၀၁၂
မြန်မာ့သယံဇာတတွေကို ပြည်ပက ဝိသမ စီးပွားရေးသမားတွေက ထုတ်ယူသုံးစွဲလို့ ကုန်တယ်။ ပြောင်သွားတယ်။ ပြည်တွင်းက စီးပွားရေးသမားတွေကလည်း မတရား ထုတ်ယူ သုံးစွဲလို့ ပြောင်ကုန်တယ်လို့ ကျနော်က မှတ်ယူခဲ့တဲ့ ကဗျာလေးပါ။ ကျနော် သိပ်ကြိုက်တဲ့ ကဗျာလေးပေါ့။ ဆရာကြီး ကိုလေး ကတော့ စာပေဟောပြောပွဲတခုမှာ ဒီကဗျာကို ကိုယ်တိုင်ရွတ်ဆိုပြီး ကဗျာအဓိပ္ပာယ်ကို အခုလို ပြောခဲ့ပါတယ်။
“အပြင်ကခွေး၊ အိမ်ကခွေး၊ နှစ်ခွေးပေါင်းတော့ ခြံကြက်ပြောင်။ အပြင်က ဝမ်ပေါင် တရုပ်ကုမ္ပဏီ၊ အတွင်းက စစ်တပ် ဦးပိုင် ကုမ္ပဏီ နှစ်ကုမ္ပဏီပေါင်းတော့ လက်ပံတောင်းတောင်တွေ ပြောင်ကုန်တာပေါ့ကွာ” လို့ ဆရာကြီးက ရန်ကုန် ဆူးလေပန်းခြံ စာပေဟောပြောပွဲမှာ ပြောခဲ့ပါတယ်။
ကဗျာဆရာတွေ စုပေါင်းထုတ်တဲ့ ပန်းဆက်လမ်း ကဗျာစာအုပ်ရဲ့ အဖွင့်ကဗျာအဖြစ် ဆရာကြီး ကိုလေးရဲ့ “မြန်မာပြည်” ကဗျာကို ၂၀၁၉ ခုနှစ်က ကျနော် ဖတ်ခဲ့ရတယ်။ ကဗျာစာအုပ်ကိုတော့ ရန်ကုန် ဗိုလ်တထောင် ဝန်ကြီးများရုံး စာပေဈေးပွဲက ဝယ်ခဲ့တာပါ။ ကဗျာရဲ့ ဆိုလိုရင်းကို ကျနော် တွေးထားပုံထက် ဆရာကြီးရှင်းပြပုံက ပိုပြီး ရှင်းပါတယ်။ ပိုပြီး ပြင်းထန်ပါတယ်။ တရုတ်ဝမ်ပေါင်ကိုရော စစ်မာဖီးယား ဦးပိုင်ကိုပါ ဆော်ပလော်တီးထားတဲ့ ကဗျာပါ။
အင်းဝဂုဏ်ရည်
စစ်ကိုတိမ်းသည့်
တစိမ်းပြင်ပြင်၊ ပညာ့ရှင်တို့
သားရင်းမိဘ၊ များဆန္ဒကြောင့်
‘အင်းဝဂုဏ်ရည်’
နာမည်ကြိုင်လှောင်း၊ စာသင်ကျောင်းကို
စုပေါင်းတည်ထောင်ကြချေပြီ။ ။ (လမ်းသစ်ကဗျာစာအုပ်ပါ အင်းဝဂုဏ်ရည်ကဗျာမှ)
အင်းဝသား ကဗျာဆရာမို့ ကိုလေး (အင်းဝဂုဏ်ရည်) ဆိုပြီး ကလောင်အမည် ပေးခဲ့တာလို့ ကျနော်က ထင်ခဲ့တယ်။ ဆရာကြီးကိုယ်တိုင်က စာပေဟောပြောပွဲတွေမှာ ကျုပ်ကလောင်က မြို့အင်းဝကို ရည်ရွယ်တာမဟုတ်ဘူး။ အင်းဝဂုဏ်ရည် အလယ်တန်းကျောင်းကို စွဲထင်ပြီး ကလောင်ယူခဲ့တာလို့ ပြောခဲ့ပါတယ်။ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကို အဖ ဦးချွန်၊ အမိ ဒေါ်မမကြီးတို့က ၁၉၃၆ ခု ဩဂုတ် ၁၁ ရက် အင်းဝမြို့ ဈေးချို-ပန်းပဲတန်းရပ်မှာ မွေးဖွားခဲ့တယ်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးပါ။ ၁၉၄၂ - ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်တွင်း မန္တလေးကနေ အင်းဝကို စစ်ရှောင်ပြေးလာကြတဲ့ အမ်အေ ဒေါ်အုန်း၊ မန္တလေး အမျိုးသားကျောင်းဆရာတွေနဲ့ ဖခင် ဦးချွန်တို့ တည်ထောင်ခဲ့တဲ့ အင်းဝ ဂုဏ်ရည်ကျောင်းမှာ ပညာသင်ယူခဲ့တယ်။ ဆဋ္ဌမတန်း ကျောင်းသားအရွယ်ကတည်းက ကဗျာတွေ စရေးခဲ့တယ်။ မန္တလေးမြို့ ထုတ် မြန်မာ့လမ်းစဉ်သတင်းစာပါ ‘ကျွန်တော်တို့ဌာနေ ရွှေအင်းဝ’ ကဗျာကစ စာပေလောကကို ဝင်ရောက်ခဲ့တယ်။ ၁၉၅၈ ခုနှစ်က ဆရာမ ဒေါ်ညွန့်ညွန့်နဲ့ အိမ်ထောင်ကျခဲ့တယ်။ ၁၉၆၀ ပြည့်နှစ်မှာ တံတားဦးမြို့ တောင်ဘီလူးကျောင်းမှာ ဆရာ စလုပ်တယ်။ ၁၉၆၃-၁၉၆၅ ခုနှစ်တွေမှာ ကံဘဲ့ဆရာအတတ်သင် သိပ္ပံမှာ အလယ်တန်းပြဆရာဖြစ်သင်တန်း တက်ရောက်ခဲ့တယ်။ ၁၉၆၅-၁၉၆၇ နှစ်တွေမှာ တံတားဦးမြို့ မြေငူရွာ အလယ်တန်းကျောင်းမှာ ဆရာလုပ်ခဲ့တယ်။
ရရှိခဲ့တဲ့ စာပေဆုတွေကတော့ ၁၉၆၅ ခုနှစ် ဗီယက်နမ်နဲ့ သွေးစည်းညီညွတ်ရေး ငုယင်ဗန်ထရွိုင်း ငွေဒိုင်းဆု၊ ၁၉၆၅ ခုနှစ် အမျိုးသားစာပေဆု (ကဗျာ) ပထမဆု၊ ၂၀၁၂ ခုနှစ် မွန်းတည့်အမီ ကဗျာစာအုပ်နဲ့ တော်ဘုရားလေးစာပေဆု (ကဗျာ) ဆု၊ ၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆုနဲ့ ၂၀၁၅ ခုနှစ်အတွက် ‘အိုအမေ’ ကဗျာနဲ့ ရွှေဘိုမြို့ ပန်းကဗျာ စာပေဆုအသီးသီး ရရှိခဲ့တယ်။ ဆရာကြီးကိုလေးရဲ့ ပထမဦးဆုံး ကဗျာစာအုပ်က ‘လမ်းသစ်’ ကဗျာစာအုပ်ဖြစ်ပြီး ‘နဒီငါးသွယ်’နဲ့ ‘မွန်းတည့်အမီ’ ကဗျာစာအုပ်တွေလည်း ထုတ်ဝေခဲ့တယ်။ ဟံသာဝတီသတင်းစာ၊ စာနယ်ဇင်း ဆောင်းပါးတွေ၊ သာရမဂ္ဂဇင်းမှာ ဝတ္ထုတိုတွေ ရေးသားခဲ့တယ်။ ၂၀၁၃ ခုနှစ် အမျိုးသားဇာတ်ရုံ (ရန်ကုန်) မှာ ကျင်းပတဲ့ မြန်မာစာပေဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲ သဘာပတိ လုပ်ခဲ့သလို ၂၀၁၄ ခုနှစ် အမျိုးသားဇာတ်ရုံ (ရန်ကုန်)မှာ ကျင်းပတဲ့ နိုဘယ်ဘ် စာပေပွဲတော်မှာလည်း ကဗျာဆွေးနွေးသူ အဖြစ် ဆောင်ရွက်ခဲ့တာပါ။
ဆရာကိုလေး ပြောတဲ့ ဆရာတင်မိုး ကဗျာစာသား ပြောင်းသွားခြင်း
ဆရာကြီးကိုလေးဟာ အသက်အရွယ်တော်တော်ကြီးတဲ့အထိ ဖျတ်လတ်လန်းဆန်း နေခဲ့ပြီး စာပေဟောပြောပွဲတွေကို မြန်မာပြည်တလွှား မမောနိုင် မပန်းနိုင် ခရီးတွေထွက် ဟောပြောခဲ့ဘူးပါတယ်။ ဆရာကြီးရဲ့ စာပေဟောပြောချက်တွေကို နားထောင်ရသူတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သုတ ရသအစုံကို ရခဲ့ကြတာပါ။ သာဝတ္တိက စာပေဟောပြောပွဲတခုမှာဆိုရင် လူငယ်တွေရဲ့ ရင်တွင်းခံစားချက်တွေအကြောင်းကို ခုလို ပြောခဲ့တယ်။
ကျနော့်သူငယ်ချင်း တင်မိုးရေးတဲ့ ကဗျာက
လူလေးကြီးရင် ဘာလုပ်မယ်
မေမေ့ ပြောပါကွယ်။
ဖျားနာသူတွေ သနားတယ်
ဆရာဝန်ကြီးလုပ်ပါ့မယ်။
လူလေးကြီးရင် ဘာလုပ်မယ်
မေမေ့ ပြောပါကွယ်။
နွားရုပ်ကလေး သနားတယ်
လယ်ထွန်စက်နဲ့ ထွန်ယက်မယ်။ ။
သိပ်ကောင်ကောင်းတဲ့ ကဗျာပါ။ နောက်ပိုင်းမှာတော့ မန္တလေးက စက်ဘီးစီး လူငယ် အုပ်စုတွေက တင်မိုးကဗျာကို အခုလို ပြောင်းပြီး ဆိုနေကြတယ်။
လူလေးကြီးရင် ဘာလုပ်မယ်
မေမေ့ ပြောပါကွယ်။
မိုင်းဗုံးထောင်မယ် တံတားချိုးမယ်
သူပုန်ဗိုလ်ကြီး လုပ်ပါမယ်။
လူလေးကြီးရင် ဘာလုပ်မယ်
မေမေ့ ပြောပါကွယ်။
မိုင်းဗုံးထောင်မယ် တံတားချိုးမယ်
သူပုန်ဗိုလ်ကြီး လုပ်ပါမယ်။
ဒါကတော့ ၂၀၁၇ ခုနှစ် သာဝတ္တိက စာပေ ဟောပြောပွဲမှာ ဆရာကိုလေးက ပြောခဲ့တာပါ။ GZ လူငယ်တွေရဲ့ လက်ရှိ စိတ်ဓာတ် ခံယူချက်တွေနဲ့ ဒီကဗျာကို တိုက်ဆိုင်ကြည့်နိုင်ကြပါတယ်။ ဒီကဗျာစာသားတွေ ပြောင်းသွားရခြင်းနဲ့ ပတ်သက်လို့ ဆရာကြီး ကိုလေးကတော့ အာဏာရှင် ၃ မျိုး ရှိပါသတဲ့။ တဦးတည်းအာဏာရှင်၊ တပါတီအာဏာရှင်နဲ့ စစ်အာဏာရှင်တွေပါတဲ့။ ဘယ်အာဏာရှင်မှ မကောင်းသလို လူငယ်တွေဟာလည်း အာဏာသိမ်း စစ်တပ်ရဲ့ ဖိနှိပ်မှုတွေက ပြင်းလွန်းတော့ တွန်းလှန်ချင်စိတ်တွေက ပေါ်လာပြီး ကဗျာ စာသားတွေ ပြောင်းသွားရတာလို့ ဆိုပါတယ်။
ဆရာကြီး ကိုလေးဟာ သာဝတ္ထိက ၂၀၁၇ ခုနှစ် စာပေဟောပြောပွဲမှာပဲ နောက်ထပ် ကဗျာတပုဒ်ကို ရွတ်သွားခဲ့ပါသေးတယ်။ အဲ့ဒါကတော့
ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်။
တောစပ်ချောက်မောင်း
လက်ပံတောင်းဒီတောင်။
အမလေး
စစ်ခွေးတဟောင်ဟောင်။ ။
ပြီးခဲ့တဲ့ ၁၃ နှစ်ကြာကာလ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ တန်ဆောင်မုန်းလပြည့်ညက မုံရွာတဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြတော်မူခဲ့ကြတဲ့ သံဃာတွေကို ဦးသိန်းစိန် ကြံ့/ဖွံ့အစိုးရက မီးလောင်ဗုံးတွေနဲ့ ပစ်ပြီး အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ အခု တန်ဆောင်မုန်းလပြည့်ညမှာ ၁၃ နှစ် ပြည့်ခဲ့ပါပြီ။ ဒီလို သံဃာတော်တွေကို စစ်တပ်က မီးသေနတ်တွေနဲ့ ပစ်ခဲ့တဲ့အကြောင်းကို ဆရာကြီးကိုလေးက ၂၀၁၇ ခုနှစ်က စာပေဟောပြောပွဲမှာ ကဗျာ ရွတ်ဆိုခဲ့တာပါ။
ကျနော်တို့ ကဗျာတွေကို စစ်အာဏာရှင်တွေက သိပ်ကြောက်တယ်လို့ ဆရာကြီးကိုလေးက ပြောခဲ့ပါသေးတယ်။ ဒါကြောင့် နောက်ထပ်ကဗျာတပုဒ် ထပ်ရွတ်ဦးမယ်လို့ သူက ပြောပြီး ဒီကဗျာရွတ်ပါတယ်။
ကမ္ဘာမကျေ ဆိုပိုင်ခွင့်မရှိရင်
ကမ္ဘာမကျေဘူး ဆိုပစ်လိုက်မယ်။
နှလုံးသားအပုပ်က
ထုံးသုတ်ရုံနဲ့ဖြူမလား။
အကန်းလျှောက်သလို လမ်းဖောက်နေကြရင်
တံတားဆောက်ပြီး အများကြောက်အောင်
ခါးထောက်နေတဲ့ မာရှယ်လောတွေကလည်း
ပေါမှပေါကွယ်။
ကမ္ဘာမကျေ ဆိုပိုင်ခွင့်မရှိရင်
ကမ္ဘာမကျေဘူး ဆိုပစ်လိုက်မယ်။
ငါးည တဲ့လား
စားရတော့ပုံစံ
ပါးချလို့ စုန်ကန်
ပုန်ကန်ရင် သတ်ပစ်မတဲ့။
သေနတ်ကြီးလည်းရှိတယ်
သတ်နည်းလည်းသိတယ်
ဟေ့
တပ်ကြီးလည်းရှိတယ်။
ပူးသတ်မယ် ပူးသတ်မယ်ဆိုတဲ့
မနူးမနပ် ကောင်တွေကလည်း
အခုတော့ အရူးဇာတ်ခင်းတော့မလို။
အခုတော့
လက်ဆုပ်ကို ဖြည်လိုက်ပါပြီတဲ့။
ကမ်းလာတဲ့ သူ့လက်ကို
ကြည့်လိုက်တော့။
အလို . . . သူ့လက်ဝါးမှာ
ငါ့ပါးရာကြီးပါလား။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
ဒီလို ရွတ်လိုက်တဲ့အခါ သာဝတ္ထိက စာပေပရိသတ်တွေက လက်ခုပ်မတီးရဲဘူး။ ငြိမ်နေကြတယ်။ ဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) က ဒီလို လက်ခုပ်မတီးတာကို မကျေနပ်ဘူး။ သာဝတ္ထိကလူတွေ သွေးနည်းသလား။ ကြောက်နေကြတုန်းလား။ ကျုပ်တောင်မှ ရွတ်ဆိုရဲသေးတာ။ မကျေနပ်ဘူး။ ပြန်ရွတ်မယ်ဆိုပြီး နောက်တကြိမ်ထပ်ရွတ်ပါတယ်။ အဲ့သည်တော့မှ လက်ခုပ်တီးကြပါတော့တယ်။
ဆရာကြီးကိုလေးဟာ သူ့အသွေးထဲ အသားထဲမှာကို အညာ ကျေးလက်ရနံ့တွေနဲ့ ပြည်သူ့တော်လှန်ရေး စိတ်ဓာတ်တွေ ပြည့်လျှံနေတဲ့ တော်လှန် ကဗျာဆရာကြီးတဦးပါ။ စကားပြောရာမှာလည်း ပွင့်ပွင့် လင်းလင်း၊ ရိုးရိုးရှင်းရှင်း၊ ဟိတ်ဟန်မကြီး၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှိသူပါ။ သူ့ရဲ့ လမ်းသစ်ကဗျာလေးဟာ ဒီနေ့ နွေဦးတော်လှန်ရေးကို စိတ်ခွန်အား လက်နက် တပ်ဆင်ပေးလိမ့်မည် ထင်ပါတယ်။
လမ်းသစ်
ချိုင့်ဝှမ်းထူပြော၊ လမ်းကောကောတွင်
သောသောညံညံ၊ သေနတ်သံနှင့်
ဝဲပျံဠင်းတ စောင့်မျှော်ကြ။
သွေးတွေသွေးတွေ၊ မြစ်မရေသို့
ဤနေရာတွင်၊ တသွင်သွင်နှင့်
မြင်မကောင်းမျှ စီးဆင်းကြ။
ခရီးသည်အား၊ ဓားဖြင့်တား၍
ခိုးသားလုယူ၊ ဒေါသမူနှင့်
ဆူကြပူကြ တိုက်ခိုက်ကြ။
ထမင်းတနပ်၊ ဟင်းတဖတ်ကို
အမြတ်တင်စီး၊ လောဘမီးနှင့်
စီးပွားရှာကြ ငွေရှာကြ။
လမ်းဟောင်းကြီးလျှင်၊ ဟိုယခင်က
နေဝင် နေထွက်၊ နံနက် ညခင်း
လူသူရှင်း၍၊
ငိုချင်းရှည်ကြီး ဆိုနေသည်။
ခရီးသွားတို့၊
အများစုအုံ၊ ခေါင်းချင်းဆုံ၍
လမ်းဖုန်ဖုန်ခင်း၊ အသစ်ရှင်း။
ဆူးငြောင့်ခလုတ်၊ မြက်ဖုတ်ချုံနွယ်
ပင်ငယ်ပင်ကြီး၊ ခုတ်ထစ်ပြီးလျှင်
ခရီးလမ်းသစ် ဖောက်ကြပြီ။
ဒမြသူခိုး၊ လူဆိုးလူမိုက်
တိုက်ခိုက်ရန်မူ၊ လာကြသူကို
ညီတူလက်တွဲ၊ အံကိုခဲ၍
ရှဲစေရှားစေ မောင်းနှင်ပြီ။
စားရေရိက္ခာ၊ ဝေငှကာလျှင်
ပျူငှာဖော်ရွေ၊ မေတ္တာမြေဝယ်
စေတနာလမ်း ခင်းကြပြီ။
လမ်းသစ်ခင်းရာ၊ လူတိုင်းပါလော့
သူငါကိုယ်စီ၊ စွမ်းအားတည်၍
ညီညာခုတ်ထစ်၊ ရှင်းလင်းပစ်လျှင်
လမ်းသစ်မြန်မြန် ပြီးမည်တကား။ ။
(ကိုလေး အင်းဝဂုဏ်ရည်)
အခုလည်း နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူအားလုံး လမ်းသစ်ဖောက်နေကြပြီလေ။ တော်လှန်ရေးဘယ်တော့ပြီးမလဲ မေးသူတွေအတွက် လမ်းသစ်ခင်းရာ၊ လူတိုင်းပါလော့ မေးခွန်းမေးသူ ကိုယ်တိုင်လည်း ကြိုးစား ပါဝင်လာရင် ပြည်သူပြည်သား အားလုံး ပါဝင်လာရင် လမ်းသစ်မြန်မြန် ပြီးပါမည်လို့သာ ပြောရပါတော့မယ်။ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ကောင်းရာသုဂတိသို့ လားရောက်ပါစေ။ ။
မောင်တူး


