Home
ဆောင်းပါး
ပီမိုးနင်း ၁၄၂ နှစ်ပြည့် အောင်စိတ်နဲ့ နွေဦးအောင်ပွဲ 
မောင်တူး
·
November 9, 2025

"တံခါးတို့ကို၊ ခေါက်စို့" နှိုးဆော်

အောင်စိတ်ခေါ်ပေး၊ ကြီးပွားရေးညွှန်

စိတ်ခွန်အားမြှင့်၊ ကလောင်ဝင့်ချီ

ဆရာပီမိုးနင်း၊ မွေးဖွားခြင်းမှာ

၁၄၂ နှစ်ရှိပါပြီ။

တံခါးတို့ကို ခေါက်ကြလော့။ ပွင့်လိမ့်မည်။ 

ပီမိုးနင်း

စာရေးဆရာကြီး ပီမိုးနင်း ( ၅ နိုဝင်ဘာ ၁၈၈၃ - ၆ ဇန်နဝါရီ ၁၉၄၀ ) ဟာ  ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ၁၄၂ နှစ် ပြည့်ပါပြီ။ ကျနော်ဟာ ပီမိုးနင်းရဲ့ ဝတ္ထုတွေ ဖတ်ပြီးကြိုက်ခဲ့ရာက နောက်ပိုင်းမှာ သူ့ရဲ့ စာနယ်ဇင်းသတင်းစာဆရာဘဝ အကြောင်းကိုလည်း သဘောကျခဲ့မိပါတယ်။ အကြိုက်ဆုံးကတော့ ပီမိုးနင်းရဲ့ ဘဝတိုးတက်ရေး ကျမ်းတွေပါပဲ။ အောင်စိတ်၊ ကြီးပွားရေးလမ်းညွှန်၊ အပျိုလမ်းညွန်၊ လူပျိုလမ်းညွှန်စတဲ့ စာအုပ်တွေကို မလွတ်တမ်းဖတ်ဖူးခဲ့ပါတယ်။ ဒီနေ့မှာတော့ ဆရာကြီး ပီမိုးနင်းရဲ့ ၁၄၂ နှစ်မြောက် ဂုဏ်ပြုစာမှာ သူ့ရဲ့ "အောင်စိတ် " အကြောင်းကို ပြောလိုပါတယ်။ "အောင်ရမယ်လို့ ယုံကြည်သူဟာ အောင်မြင်မှု ရရှိမည်မှာ မလွဲပါ။" လို့ ဆရာကြီးက ရေးသားထားခဲ့ပါတယ်။ အခု ကျနော်တို့ တိုက်နေကြတဲ့ နွေဦးတော်လှန်ရေးမှာလည်း အောင်မြင်ဖို့အတွက် "အောင်စိတ်" မွေးကြရမယ်လေ။ ။

ပီမိုးနင်းရဲ့ အောင်စိတ် နွေဦးတော်လှန်ရေး အောင်စိတ်

အခု နွေဦးတော်လှန်ရေးမှာ ခေါင်းဆောင်နေတဲ့ ကိုမင်းကိုနိုင်ကလည်း ပြောထားပါတယ်။ "အောင်စိတ်" မွေးကြပါ။ အောင်ရမယ်တဲ့။ နွေဦးတော်လှန်ရေး အစ လက်နက်ကိုင် တိုက်ကြတော့မယ်လို့ ဆုံးဖြတ်ကြစဉ်က အောင်စိတ်ရှိသူတွေဟာ စစ်ပညာသင်ကြမယ်။ လက်နက်ရှာကြမယ်။ ရကိုရရမယ်။ "စိတ်သာရှင်စော ဘုရားဟောပဲ။" ငါတို့ ဆန္ဒသာရှိနေကြရင် စစ်အာဏာရှင်ကို နိုင်ရမယ်ဆိုပြီး စတင်ခဲ့ကြတယ်။ "ဓားပြတွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာပဲ။ ငါတို့ ရအောင် ရှာနိုင်ရမယ်" လို့ သခင်အောင်ဆန်းကတောင် ပြောခဲ့ဖူးတာပါ။ နွေဦးအစမှာတုန်းက "အောင်စိတ်" မရှိသူတွေကတော့ "ငါးသိန်းလောက်ရှိတဲ့ တပ်ကြီးကို နိုင်ပါ့မလား" ဆိုပြီး ပြောခဲ့ကြဘူးပါတယ်။ အခု NUG၊ PDF တွေရဲ့ အောင်ပွဲတွေဟာ "အောင်စိတ်" ကြောင့် ရလာကြတာပါ။ ဆရာကြီး ပီမိုးနင်းကတော့ သူ့ရဲ့ အောင်စိတ် စာအုပ်မှာ အခုလို ရေးသားထားခဲ့ပါတယ်။

အောင်စိတ်ရအောင်ရှာနည်း

အသင်၏စိတ်ကို သေချာစွာစစ်ဆေးပါ။ ငါ၏စိတ်သည် အောင်စိတ်မျိုးလား၊ ပျက်စိတ်မျိုးလားဟု သိအောင်ရှာပါ။ပျက်စိတ်ဖြစ်ခြေက အောင်စိတ်ဖြစ်အောင် စိတ်နေ သဘောထားပုံကိုပြုပြင်ရမည်။ ထိုအခါ တလကိုးသီတင်းအတွင်းမှာအသင်၌ ထူးခြား၍ လာသည်ကို ဧကန်တွေ့ရှိလာပါလိမ့်မည်။ လက်ဖွဲ့ အင်းအိုင်ကို ယုံကြည်အားကိုး၍ တခုခုကို လုပ်ကိုင်သူများသည် အောင်မြင်တတ်သည်မှာ အားကိုးခြင်းကြောင့် အောင်စိတ်ကို ရကြသဖြင့် အောင်မြင်ခြင်း ဖြစ်ကြလေသည်။

လူတယောက်မှာ ဖဲကစားရာ၌ အမြဲရှုံး၏။ ၎င်းမှာ အစဦး၌ ကံအားလျော်စွာနှင့် နှစ်လက် သုံးလက် ဆက်၍ရှုံးရာ ၎င်း၏ မိတ်ဆွေများကရော၊ ၎င်းကိုယ်တိုင်ကရော သည်လူမှာ ဖဲနှင့် အကျိုးမပေး၊ သူ့လက်နှင့် ကိုင်မိလျှင် မကောင်းသောဖဲသာ ဖြစ်တတ်သည်ဟူသော အစွဲတခုပေါ်ပေါက်၍ လာ၏။ ထို့နောက် ၎င်းလူမှာ အမြဲရှုံးလေ၏။ ၎င်းသည် ကစားနည်းကို အထူးကျွမ်းကျင်သူ ဖြစ်ပါလျက် ထိုကဲ့သို့ ရှုံးလေရာ ၎င်း၏ လက်သည် အရှုံးလက်ဖြစ်သည်ဟု အများက ပြောကြလေသည်။ ၎င်းကိုယ်တိုင်ကလည်း ကစားဝိုင်းမှာ ထိုင်သည့်အခါတိုင်း ငါတော့ရှုံးမှာပဲဟု စွဲထားလေ့ရှိလေ၏။ ၎င်းမှာ စာရေးဆရာဖြစ်ရာ ဖဲကစားခြင်းကို အားလပ်ခြင်း၊ အပျင်းဖြေခြင်း အနေဖြင့် စွဲ၍ ကစားသူဖြစ်လေ၏။ 

၎င်း၏ နာမည်မှာ “ဝီလကင်း” ဟု ခေါ်လေရာ အခြားသူများက ရှုံးသည့်အခါ၌ပင် ရှုံးသူ၏လက်ကို ဝီလကင်း၏လက်ဟု ခေါ်ကြလေသည်။ သို့ဖြစ်လေရာ အရှုံးစိတ်၏ တန်ခိုးအရှိန်သည် ဝီလကင်းတယောက်တည်း ကိုယ်တိုင်စိတ်၏ တန်ခိုးမဟုတ်၊ အခြားအပေါင်းအဖော်များကပါ ကူညီ၍ ၎င်းအား အရှုံးစိတ် တန်ခိုးဖြင့် နှိမ်နင်းကြသလိုဖြစ်၍ နေလေ၏။ တနေ့သ၌ မိတ်ဆွေတယောက်က ဝီလကင်းနှင့်စကားပြောရာ၌ ထိုအကြောင်းကို စပ်မိ၍ စကားဆက်မိသဖြင့် ၎င်း၏မိတ်ဆွေမှာလည်း “ဆိုင်ကိုလိုဂျီ”ကျမ်းကို ဖတ်ဖူးသူဖြစ်ရာ... “ငါ့မှာ ရက်အင်ဒီးယန်း တိုင်းရင်းသား တယောက်က အဆောင်တခု ပေးထားတာ ရှိတယ်။ ငါဖဲကစားရာမှာ အဲဒီအဆောင်ကို အသုံးပြုကြည့်လို့ ကိုယ်တိုင်သိရတာပဲ။ ကိုးလက်မှာ ခုနစ်လက် နိုင်တယ်။ အလောင်းအစား အကြီးအကျယ် မလုပ်ပါဘူးဆိုတဲ့ ကတိကိုတော့ ထားရလိမ့်မယ်” ဟု ပြောရာ ဝီလကင်းက ထိုအဆောင်ကိုတောင်းလေလျှင် မိတ်ဆွေက ဝီလကင်းကို အိမ်သို့ခေါ်သွားပြီး ငွေသေတ္တာကလေးထဲ၌ မိမိသိမ်း၍ထားသော တရုတ်ပြည်က ရရှိသည့် ကျောက်စိမ်းနဂါးရုပ်ကလေး လက်သန်းလောက်ကို ၎င်းအားပေးလေ၏။ 

သို့ပေးရုံမက ဝီလကင်းနှင့် ကစားသူတို့အားလည်း မိမိ၏ အဆောင်စွမ်းကြောင်းကို ပြော၍ပြသဖြင့် ဝီလကင်းနှင့် ကစားသူများ၏စိတ်၌… “ဝီလကင်းရှုံးခဲ့သည်မှာ...အတော်လည်းကြာခဲ့ပြီ။ ယနေ့တော့ နိုင်မယ့်နေ့မို့ အကူအညီကောင်းများနှင့် ကြုံလာရတဲ့ လက္ခဏာပဲ” ဟု အချင်းချင်းပြောကြလေ၏။ ပြောသည့်အတိုင်းလည်း ဝီလကင်းနိုင်လိမ့်မည်ဟု တွေးထင်ကြဟန်ရှိလေ၏။ အကြောင်းမူကား...ထိုနေ့၌ ဝီလကင်းမှာ အကြိမ်တိုင်း ဖဲကောင်းကိုချည်း ရရှိနေလေသည်။ နောက်မှ အဆောင်ပေးသူက ဝီလကင်းအား စိတ်ပညာအကြောင်းကို ပြောပြပြီး ထိုအရုပ်မှာ အဆောင်မဟုတ်၊ တရုတ်ပြည်ကို ရောက်စဉ်က အထိမ်းအမှတ်အဖြစ်နှင့် မိမိယူ၍‌လာသော အရုပ်ဖြစ်ကြောင်းပြော၍ပြရာ၌ ဝီလကင်းအား စိတ်ကိုပြုပြင်ဖို့ သတိပေးလေ၏။ သို့သတိပေးသဖြင့် ဝီလကင်းမှာ စိတ်ကိုပြုပြင်လိုက်ရာ အဆောင်မရှိဘဲလည်း အရှုံးမများတော့သည်ဖြစ်ကြောင်း တွေ့ရှိရလေ၏။ ထိုစိတ်သည် ဖြစ်မည် အောင်မည်ဟု မျှော်လင့်သောစိတ်ဖြစ်ရာ ၎င်း စိတ်ထက်သန်သလောက် အကျိုးပေးထက်သန်လေသည်။

ပီမိုးနင်း စာအုပ်တွေဖတ်ပြီး အောင်စိတ်ရခဲ့သူ ဆရာလယ်တွင်းသား

စာရေးဆရာကြီး လယ်တွင်းသားစောချစ်ဟာ သူငယ်စဉ်က ၁၀ တန်းကို ဝင်မဖြေဘဲ စိတ်လေနေခဲ့တယ်။ ပီမိုးနင်းရဲ့ "အရင်းမစိုက် လှေထိုးလိုက်၊ အောင်စိတ် စတဲ့ စာအုပ်ပေါင်း ၂၂ အုပ်ကို တထိုင်တည်း ဖတ်အပြီးမှာ "အောင်စိတ်" တွေ ရရှိပြီး သူ့အပြော "မိုးကိုဒူးနဲ့တိုက်ချင်စိတ်တောင်" ဖြစ်ခဲ့သတဲ့။ စိတ်ပျက်နေတဲ့ ၁၀ တန်းစာမေးပွဲကို ပြန်ဖြေခဲ့လို့ ထူးထူးခွန်ချွန် အောင်မြင်ခဲ့ပြီး နောက်ဆုံးအမျိုးသားစာပေဆု၊ တသက်တာ စာပေဆုတွေတောင် ရသွားခဲ့ပါတယ်။ ဆရာကြီးပီမိုးနင်းက "တံခါးတို့ကို ခေါက်ကြလော့။ ဇွဲရှိရှိ အဆက်မပြတ် ‌ခေါက်လျှင်ပွင့်မည်။ အနောက်နိုင်ငံတခုမှာ နှင်းမုန်တိုင်းကြီးကျတော့ လူတယောက်ဟာ လမ်းပေါ်မှာ ရောက်နေခဲ့တယ်။ အိမ်တွေကို တံခါးခေါက်တော့ ဖွင့်မပေးကြဘူး။ အိမ်ထဲရောက်ရင် မီးလှုံနိုင်မယ်။ အသက်ချမ်းသာရာရမယ်။ အသက်ရှင်မယ်။ ဒါကြောင့် အိမ်တွေကို ကြမ်းကြမ်းတမ်းတမ်း လိုက်တံခါးခေါက်တော့ နောက်ဆုံးမှာ စိတ်ကောင်းရှိတဲ့ တအိမ်က ဖွင့်ပေးလို့ သက်သာရာရခဲ့တယ်။ အဲ့သည်လို သေရေးရှင်ရေး တံခါးခေါက်သလို မိမိတို့ ပန်းတိုင်အတွက် ဘယ်လောက်ထိ လမ်းပွင့်အောင် တံခါးခေါက် ကြိုးစားခဲ့သလဲ ဆိုပြီး ပီမိုးနင်းက ရေးသားခဲ့တာပါ။ ဆယ်တန်းအောင်မယ့် တံခါးကို မင်းက ဘယ်လောက် ခေါက်ခဲ့သလဲ။ သခင်အောင်ဆန်းက "ဓားပြတွေတောင် လက်နက် ရှာနိုင်သေးတာပဲ" ဆိုပြီး လက်နက်နဲ့ စစ်ပညာရရှိရေး တံခါးတွေကို ဇွဲနဲ့ အဆက်မပြတ် ခေါက်ခဲ့လို့ ရဲဘော်သုံးကျိပ် ပေါ်လာပြီး ဂျပန် အင်္ဂလိပ်တွေကို တိုက်နိုင်ခဲ့တာပါ။ အခုလည်း နွေဦးတော်လှန်ရေးမှာ အောင်စိတ်နဲ့ အောင်ပွဲတခါးကြီးကို ခေါက်ခဲ့ကြလို အောင်မြင်နေကြတာပေါ့။ ဆက်ခေါက်နေကြရင် ဆက် အောင်မြင်ကြမှာပေါ့။

ပီမိုးနင်းရဲ့ ဘဝပုံရိပ်တချို့

စာရေးဆရာ၊ သတင်းစာဆရာကြီး ပီမိုးနင်းကို သုံးဆယ်မြို့မှာ မိုးနှင်းတွေကျချိန် ၁၈၈၃ ခု နိုဝင်ဘာ ၅ ရက် မွေးခဲ့တာကြောင် “မိုးနှင်း” လို့ နာမည်ပေးခဲ့တာပါ။ ဇာတာအမည်က မောင်ကျော်ညွန့်ပါ။ ဆရာကြီး ပီမိုးနင်းရဲ့ စာအုပ်တွေဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေရဲ့ စာအုပ်ဆိုင်၊ စာအုပ်တန်းတွေမှာ အခုထိ နေရာယူထားတုန်းပါ။ သူဟာ ဝတ္ထုတွေ၊ လောကီတက်ကျမ်းတွေနဲ့ တခြားစာအုပ်စာတမ်းတွေလည်း ရေးသားခဲ့သလို သတင်းစာဆရာကြီးတဦးလည်း ဖြစ်ပါတယ်။ သူ့စာအုပ်တွေကလည်း လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက အကြိမ်ကြိမ် ပြန်လည်ထုတ်ဝေခဲ့ရသလို အခုထိလည်း ပြန်ထုတ်နေရဆဲပါ။

မြန်မာ့ပထမဆုံး ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာ ပီမိုးနင်း

မြန်မာ့ပထမဆုံးဇာတ်လမ်းရုပ်ရှင် “မေတ္တာနဲ့ သူရာ” ကို ၁၉၂၀ အောက်တိုဘာ ၁၃ ရက်မှာ စပြီး ပြသတယ်။ ၂၀၂၀ အောက်တိုဘာ ၁၃ ဟာ နှစ်တရာပြည့် မြန်မာ့ရုပ်ရှင်နေ့ပါ။ ၀တ္တုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဂပိုက်ဆံကြီး" ကလောင်နဲ့ ပီမိုးနင်းက ရေးခဲ့တယ်။ ဘားမားဖလင်က ဒါရိုက်တာ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင် ရိုက်ခဲ့တယ်။ မင်းသား မောင်ညီပု၊ မင်းသမီး မအေးကြည်၊ မောင်မောင်ချစ်တို့ ပါဝင်တယ်။ ပီမိုးနင်းဟာ “တသက်လုံးဖုံးသမျှ ကုန်းတော့မှပေါ်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပန်းချီဆရာ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဆရာကြီးဟာ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဝေဖန်ရေးဆောင်းပါး၊ အင်္ဂလိပ်နဲ့ လက်တင်သဒ္ဒါစာအုပ်တွေ ရေးခဲ့တဲ့အပြင် သတင်းစာ ဆရာကြီး တဦးလည်း ဖြစ်ခဲ့ပါတယ်။

ပီမိုးနင်းရဲ့ သတင်းစာဆရာဘဝ

ဆရာကြီး ပီမိုးနင်းဟာ ဒီနေ့ထိ နေ့စဉ် ထုတ်ဝေနေတဲ့ မြန်မာ့အလင်းသတင်းစာကို အယ်ဒီတာကြီး ဦးရွှေကြူးနဲ့အတူ စတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူရိယသတင်းစာမှာလည်း လက်ထောက် အယ်ဒီတာလုပ်ခဲ့ပြီး ပီမိုးနင်းဟာ သတင်းစာခေါင်းကြီးတွေ အရေးကောင်းတဲ့ အကြောင်း ဆရာကြီး ရွှေဥဒေါင်းကလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဆရာကြီးဟာ ပညာ့အလင်းမဂ္ဂဇင်းမှာလည်း ဝတ္ထုနဲ့ ပင်တိုင် ဆောင်းပါးတွေရေးခဲ့တယ်။ ပိုက်ဆံကြီး ကလောင်အမည်နဲ့ ပင်တိုင်အခန်းကိုရေးခဲ့တာပါ။ သူဟာ ဗန္ဓုလဂျာနယ်မှာလည်း ပေါက်ဆိန် ကလောင်အမည်နဲ့ ရေးသားခဲ့ပါတယ်။

ပီမိုးနင်း၏ဘဝနိဂုံး

ဆရာကြီး ပီမိုးနင်းဟာ အသက် ၅၆ နှစ် အရွယ် သက္ကရာဇ် ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဆူးလေဘုရားအနီး စက်ဘီးတိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ကုသရတယ်။ ကုသနေဆဲမှာ အဆုတ်အအေးမိရောဂါကြောင့် သက္ကရာဇ် ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၆ ရက်က ကွယ်လွန်ခဲ့ပါတယ်။ မှတ်တမ်းတွေအရ ဆရာကြီးပီမိုးနင်းရဲ့ ဈာပနမှာ စာရေးဆရာတွေရဲ့ သာရေး နာရေးတွေအကြောင်း ဆွေးနွေးဖြစ်ကြရာက စာရေးဆရာအသင်း ဖွဲ့စည်းဖို့ ဖြစ်လာတာလို့ ဆိုကြပါတယ်။ ၁၉၈၃-ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ ရာမခရစ်ရှနာ စာကြည့်တိုက်အဆောက်အဦမှာ စာရေးဆရာကြီး ပီမိုးနင်း ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပခဲ့ကြပါသေးတယ်။

ပီမိုးနင်း ချောတိုင်တက် ဥပမာ အောင်စိတ်နဲ့ နွေဦးအောင်ပွဲ

အောင်စိတ်ဟာ အောင်မြင်မှုပန်းတိုင်ကို ရောက်စေမယ့် တွန်းအားလို့ ဆရာကြီး ပီမိုးနင်းက ဆိုခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ကျရောက်တဲ့ သူ့ရဲ့ ၁၄၂ နှစ်ပြည့်မှာ သူ့ရဲ့ တိုးတက်ရေး စာအုပ်ထဲက အဆိုအမိန့်တခုကို နောက်ဆုံး တင်ပြလိုက်ပါတယ်။

"ချောတိုင်ကို ကြိုးကြိုးစားစားတက်သူများသည် တိုင်ထိပ်၌ ဝတ္ထုပစ္စည်းတခုခုရှိသည်ကို ဒိဋ္ဌအမှန် သိမြင်ကြ၏။ တိုင်ထိပ်သို့ရောက်လျှင် ထိုအရာဝတ္ထုကို ဧကန်ရမည်ဟု ယုံကြည်စိတ်ချကြ၏။ သို့ဖြစ်သောကြောင့် သဲသဲမဲမဲဇွဲသန်သန်ဖြင့် တက်ကြလေသည်။ တိုင်ထိပ်၌ ရစရာဝတ္ထုပစ္စည်း တစုံတရာရှိသည် မရှိသည်ကို သေချာစွာ မသိမမြင်ရချေက ကြိုးကြိုးစားစား တက်ကြမည် မဟုတ်ပေ။" (ပီမိုးနင်း)

ဟုတ်ပါတယ်။ ချောတိုင်ထိပ်မှာ ရှိနေတဲ့ အောင်လံဆုကို ဧကန်ရမယ်လို့ ယုံကြည်ပြီး ချောတိုင်ထိပ်ကို အပင်ပန်းခံ အနာခံ အမောခံ တက်ကြတာပါ။ အလားတူပါပဲ။ ကျနော်တို့ နွေဦးတော်လှန်ရေးမှာလည်း အဆုံးသတ် အောင်ပွဲရမှ မြန်မာပြည်သူလူထုတွေရဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ ဖက်ဒရယ်စနစ်တွေ ရရှိမှာပါ။ ဒါကြောင့် ဆရာကြီး ပီမိုးနင်းရဲ့ "အောင်စိတ်" နဲ့ "အမောင်ဇွဲသန်မှ အောင်ပွဲခံရမယ်" ဆိုသလို ဝီရိယကြီးကြီးနဲ့ အောင်ပွဲတံခါးတွေကို ပြိုင်တူ ခပ်ကြမ်းကြမ်း ခေါက်ကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ စစ်အာဏာရှင် ကျဆုံးရေး တံခါးကြီးပွင့်သွားမှာဖြစ်ပြီး နွေဦးတော်လှန်ရေး အောင်ပွဲတံခါးကြီးလည်း ပွင့်သွားမှာပါ။ ။

မောင်တူး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013