
ရုရှားက ပိုင်တယ်လို့ ပြောထားတဲ့ နယ်မြေကနေ ယူကရိန်းတပ်တွေ ဆုတ်ပေးမှသာ စစ်ပွဲ အဆုံးသတ်မယ်၊ အဲဒီလိုမဟုတ်ရင်တော့ အင်အားသုံးပြီး သိမ်းယူသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၂၈ ရက် ကာဂျစ်စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့ ခရီးစဉ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။
“ယူကရိန်းတပ်တွေက သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ဆုတ်ခွာမယ်ဆိုရင်၊ ကျနော်တို့ရဲ့ စစ်ဆင်ရေးတွေရပ်ပါမယ်။ သူတို့ မဆုတ်ခွာရင်တော့ စစ်ရေးနည်းလမ်းနဲ့ ဒါကိုအောင်မြင်အောင် လုပ်သွားမယ်။”
လက်ရှိမှာ ရုရှားစစ်တပ်ဟာ ယူကရိန်းထက် လူအင်အား၊ လက်နက်အင်အား အသာစီးရထားပြီး ယူကရိန်းအရှေ့ပိုင်းမှာ ဖြည်းဖြည်းချင်း ရှေ့တိုးလာနေပါတယ်။
ရုရှားဟာ ယူကရိန်းနယ်မြေ စုစုပေါင်းရဲ့ ငါးပုံတပုံလောက်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
အမေရိကန်က ပြင်ဆင်ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်သစ်ဟာ ဆွေးနွေးပွဲတွေအတွက် အခြေခံဖြစ်နိုင်တယ်လို့ ပူတင်က လက်ခံပေမဲ့ သိမ်းပိုက်နယ်မြေတွေကို အသိအမှတ်ပြုဖို့တော့ လိုလားနေဆဲပါ။
ဒီအပေါ်မှာ ယူကရိန်းသမ္မတရဲ့ အကြံပေး အန်ဒရီ ယားမက် ကတော့ ဇလန်းစကီး သမ္မတဖြစ်နေသမျှ နယ်မြေစွန့်လွှတ်ဖို့ မျှော်လင့်မနေနဲ့လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ထားပါတယ်။
ပူတင်ကတော့ ယူကရိန်းအရှေ့ပိုင်း ဒွန်ညက်စ်ဒေသက အဓိကကျတဲ့ ပိုခရော့ဗ် နဲ့ မာနိုဂရက် မြို့တွေကို ဝိုင်းထားပြီးပြီလို့ ပြောဆိုထားပေမဲ့ ယူကရိန်းဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
Source:Reuters


