ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ စျာပနအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် ဒီနေ့ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပြီး ပုဂ္ဂလိကစာသင်ကြားရေးလုပ်ငန်းမှ ဘာသာရပ်အသီးသီးနဲ့ ရုပ်ရှင်စာပေအသိုက်အဝန်းတို့မှ တပည့်အများအပြား တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ကွယ်လွန်သွားသူနဲ့ ပတ်သက်ပြီး ဆရာကြီးရဲ့ တပည့် ရဟန်းသံဃာ၊ သီလရှင်တွေ၊ တပည့်လူပုဂ္ဂိုလ်တွေ အမှတ်တရစကား ပြောကြားခဲ့ကြပါတယ်။
ဆရာကြီးဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဇာတိဖြစ်ပြီး ၁၉၅၅ ခုမှာ မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ကာ တနိုင်ငံလုံးမှာ တဦးတည်းသော မြန်မာစာဂုဏ်ထူးရှင်အဖြစ် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဆရာကြီးဟာ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့မှာလည်း ပါဝင်ခဲ့ပြီး မြန်မာဇာတ်သဘင်သမိုင်း၊ မြန်မာရုပ်စုံသဘင်၊ မြန်မာစာစာစီစာကုံးတွေ၊ ရေသည်ပြဇာတ်စကားပြေစတဲ့ စာအုပ်တွေအပြင် စာအုပ်ပေါင်း မြောက်မြားစွာကို ရေးသားပြုစုခဲ့ပြီး ၁၉၆၃ နဲ့ ၁၉၆၅ ခုနှစ်တွေမှာ အမျိုးသားစာပေးဆု ရရှိခဲ့ပါတယ်။
ဆရာကြီးဟာ နိုဝင်ဘာ ၂၅ ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီဖြစ်ပါတယ်။
ဆရာကြီးဟာ ဘဝတသက်တာအတွင်း သုတရသစာပေတွေအပြင် မြန်မာစာအထောက်ကူပြု သင်ကြားရေးစာအုပ်ပေါင်း ၂၁ အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။














