
ပိုလန်နိုင်ငံက ဘောလ်တစ်ပင်လယ်မှာ ကာကွယ်ရေးကို မြှင့်တင်ဖို့ ပိုလန်အစိုးရရဲ့ ကြိုးပမ်းချက် အဓိကအစိတ်အပိုင်းတခု ဖြစ်တဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ သဘောတူညီချက်အတွင်း ဆွီဒင်နိုင်ငံက Saab ကုမ္ပဏီကို ရေငုပ်သင်္ဘော ၃ စင်း ထောက်ပံ့ပေးဖို့ ရွေးချယ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက် ရုရှားဆီက တိုးပွားလာတဲ့ ခြိမ်းခြောက်မှုအဖြစ် မြင်တွေ့ရတဲ့အရာကို တန်ပြန်ဖို့ ပိုလန်အစိုးရဟာ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် ရင်းနှီးမြှုပ်နှံတာတွေ တိုးမြှင့်နေပါတယ်။
ပိုလန်ရဲ့ စစ်ရေးကို မြှင့်တင်မယ့် "Orka" အစီအစဉ်အောက်မှာ ဆွီဒင်နိုင်ငံနဲ့ သဘောတူညီချက်ဟာ ဘောလ်တစ်မဟာမိတ် အဖွဲ့တခု တည်ဆောက်ရေး ပိုလန်အစိုးရရဲ့ ကြိုးပမ်းချက်တွေကို ပုံဖော်ပြသနေပါတယ်။
သမားရိုးကျ ဥရောပအလယ်ပိုင်း ဆက်ဆံရေးတွေဟာ ရုရှားနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေနဲ့ ဥရောပသမဂ္ဂဆီ ချဉ်းကပ်မှုတွေကြောင့် ဖိအားပေးခံနေရပါတယ်။
ဆွီဒင်နိုင်ငံဆီက ကမ်းလှမ်းချက်ကို ရွေးချယ်ခဲ့တာဟာ ပိုလန်ရဲ့ သင်္ဘောတည်ဆောက်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေအတွက် အကျယ်ပြန့်ဆုံး ကတိကဝတ်တွေ ရှိနေလို့လို့ ပိုလန် ဒုတိယဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောပါတယ်။
၂၀၂၂ ခုနှစ်ကစပြီး ရေအောက်အခြေခံအဆောက်အအုံတွေ သံသယဖြစ်စရာကောင်းလောက်အောင် အများကြီး ပျက်စီးပြီးတဲ့နောက် ဘောလ်တဒေသမှာ သတိပေးချက် တိုးမြှင့်ထားပေမဲ့ အာဏာပိုင်တွေက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ကြောင်း တရားစွဲနိုင်ဖို့ လုံလောက်တဲ့ သက်သေ အထောက်အထားကို မတွေ့သေးပါဘူး။
ပင်လယ်ကြမ်းပြင်စစ်ပွဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆွီဒင်ရေငုပ်သင်္ဘောတွေကို ဒီဇိုင်းထုတ်ထားပြီး နေတိုးကို တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကြောင့် ဘောလ်တစ်ပင်လယ်မှာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ အရင်ကထက် ပိုအရေးကြီးလာတယ်လို့ ဆွီဒင်အစိုးရက ပြောခဲ့ပါတယ်။
သဘောတူညီချက်အရ ပိုလန်နဲ့ ဆွီဒင်တို့ဟာ ဘောလ်တစ်ကာကွယ်ရေးမှာ ပိုကြီးတဲ့ တာဝန်ကို ထမ်းဆောင်နေတာ ပြသနေတယ်လို့ ပိုလန်နိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး မာတီနာကစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရေငုပ်သင်္ဘောတွေမှာ ဗြိတိန်ဆီက ပစ္စည်းကိရိယာတွေကို တပ်ဆင်ထားမှာဖြစ်ပြီး နိုင်ငံ ၃ နိုင်ငံ ပေါင်းဟာ ဘောလ်တစ်ဒေသမှာ အင်အားကြီးတပ်ဖွဲ့တခု ဖြစ်လာမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters


