
‘Operation Horizon’ စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် ရထားလမ်းတွေလို အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ စစ်သား အယောက် ၁၀,၀၀၀ ကို တာဝန်ချထားမယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီး ဝါဒစ္စဝက်ဖ် ကိုစစ်ညက်ခ် ကမ့်စ်ဇ်က နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ပိုလန်ရဲ့ ရန်သူတွေက လာမယ့် ရှည်လျားတဲ့ ဆောင်းညတွေနဲ့ ခရစ္စမတ်ကာလကို ဖျက်ဆီးဖို့ အချိန်ကောင်းအဖြစ် ရှုမြင်နိုင်တယ်လို့ ဝါဆောမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတရပ် အတွင်း တပ်မတော်အရာရှိချုပ် ဗျက်စ်ဝက်ခ် ကူကူလာက သတိပေးခဲ့ပါတယ်။
နိုင်ငံသားတွေ သံသယဖြစ်မယ့် အခြေအနေတွေကို အစီရင်ခံရာမှာ ပိုလွယ်စေဖို့ အက်ပ် အသစ်တခုကို မကြာမီ တပ်ဆင်သွားမယ်လို့ ကူကူလာက ပြောပါတယ်။
ရုရှားအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ယူကရိန်းနိုင်ငံသား ၂ ယောက်က ပိုလန်မြို့တော်နဲ့ ယူကရိန်းနယ်စပ်ကို ဆက်သွယ်ပေးတဲ့ ဝါဆော-လူဘလင် ရထားလမ်းကို သီတင်းပတ်ကုန်ရက်မှာ ဖောက်ခွဲခဲ့တယ်လို့ ပိုလန်နိုင်ငံက ပြောခဲ့ပါတယ်။
ရုရှားကျူးကျော်မှုကို တိုက်ဖျက်ရာမှာ ပိုလန်ဟာ ယူကရိန်းရဲ့ အဓိကမဟာမိတ်ပါ။
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပိုလန်နိုင်ငံက သူ့နယ်မြေထဲက နောက်ဆုံး ရုရှားကောင်စစ်ဝန်ရုံးကို ပိတ်ပစ်မယ်လို့ ပြောခဲ့ပါတယ်။
ရထားလမ်းပေါက်ကွဲမှုကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂရဲ့ ရှန်ဂန် လွတ်လပ်စွာ ခရီးသွားလာခွင့် ဧရိယာထဲမှာ ရုရှားသံတမန်တွေကို ကန့်သတ်ဖို့ EU မဟာမိတ်တွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ရုရှားအစိုးရက ပိုလန်မှာ “ရုရှားအကြောက်လွန်ရောဂါ” ရှိနေပြီလို့ ပြောရင်း တာဝန်ယူမှုကို ငြင်းဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံထဲက ပိုလန်ရဲ့ သံတမန်နဲ့ ကောင်စစ်ဝန်ရုံး တည်ရှိမှုကိုလည်း ကန့်သတ်မယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters


