
မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၁၅ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ရေစကြိုမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “ရေစကြိုမှာ အခြေစိုက်တဲ့ ခလရ ၂၅၆ တပ်ရင်းထဲက တပ်သားအဆင့်ရှိတဲ့ ဟိန်းထက်လင်းက ညပိုင်း ကင်းတာဝန်ကျနေတဲ့အချိန်မှာ လက်နက်ခဲယမ်းတွေယူပြီး ကျနော်တို့ဆီကို အလင်းဝင်လာတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သား ဟိန်းထက်လင်းနဲ့အတူ MA1 သေနတ်တလက်အပြင် တပ်ကြပ်ကြီးတယောက်ရဲ့ MA 3 သေနတ်တလက်တို့လည်း ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ကိုဝေကြီးက “ဟိန်းထက်လင်းရဲ့ ဇာတိကတော့ ဧရာဝတီတိုင်းထဲကပါ။ ပြည်သူ့စစ်မဟုတ်ပါဘူး။ သန္ဓေတပ်ဖွဲ့ဝင် တယောက်ပါ။ တပ်တွင်းထဲမှာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာတွေကို မခံနိုင်တော့တာကြောင့် ကျနော်တို့ကို ဖုန်းနဲ့ဆက်သွယ်လာလို့ သူရောက်နေတဲ့နေရာကို သွားခေါ်ခဲ့ရတာပါ။ သူ့ရဲ့ စစ်မှုထမ်းသက်ကတော့ တနှစ်လောက်ပဲ ရှိသေးတယ်။ သူ့ကို ဆုကြေးငွေ သိန်း ၅၀ ချီးမြှင့်ပြီးတော့ ကျနော်တို့ဆီမှာပဲ လုံလုံခြုံခြုံရှိနေပါတယ်။ သူ့ဆန္ဒက ကျနော်တို့နဲ့ ပေါင်းပြီးတော့ စစ်တပ်ကို ပြန်ပြီး တော်လှန်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။
ပြည်သူ့ဘက်ကို မျက်နှာမူပြီး ပြည်သူနဲ့အတူ ရပ်တည်လိုကြတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကိုလည်း အချိန်မရွေး ဖိတ်ခေါ်တယ်လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရေစကြိုမြို့နယ်အတွင်းကို မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


