
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council-NUCC)ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မကြာခင်ကာလတွင် ၅ နှစ်ပြည့်တော့မည် ဖြစ်သည်။ NUCC သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ အခန်း (၃)၊ ပုဒ်မ (၁၅) အရ အစုအဖွဲ့ကြီး ၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း ၃၀ နှင့် အထူးလေ့လာသူ တဖွဲ့ရှိကြောင်း NUCC ၏ ၂၀၂၄ ခုနှစ်၊ ဧပြီ ၇ ရက်တွင် ထုတ်ပြန်သည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံသို့ တင်သွင်းသည့် အစီရင်ခံစာအရ သိရှိရပေသည်။
ရိုးရှင်းတိုတောင်းလှသည့် ရည်ရွယ်ချက် ၃ ရပ်သာရှိသည့် NUCC၏ ဖွဲ့စည်းဖြစ်တည်မှုကို ကြိုက်နှစ်သက်ခဲ့ပေသည်။ ဖော်ပြထားသည့် ရည်ရွယ်ချက်များသည်လည်း ပကတိအခြေအနေတွင် ပြည်ထောင်စု၏ အပ်ချက်ဖြစ်ပြီး စနစ်တကျ၊ အားလုံးပါဝင်၍ ဆောင်ရွက်နိုင်ပါက ထိရောက်သည့်ရလဒ် ထွက်နိုင်မည့် အခြေအနေ ဖြစ်လာနိုင်သည်။ သို့သော် အကောင်အထည် ဖော်မည့်ယန္တရား၊ ပါဝင်ကြသည့် အင်အားစုများ၏ ကိုယ်စားပြုမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုများ အစရှိသဖြင့် အားနည်းချက်များသည် အင်အားကြီးမားလာခဲ့သဖြင့် အလုပ်ဖြစ်ရေးလမ်းကြောင်းမှ သွေဖည်ခဲ့ရသည်ဟု ရှုမြင်သုံးသပ်မိပါသည်။
သို့သော် အပြီးတိုင်ပြိုလဲခွင့်ကိုပေးခြင်း၊ မပေးခြင်းသည် NUCC၏ စုပေါင်းအင်အား၊ ပါဝင်နိုင်မှုနှင့် ပြုပြင်ပြောင်းလဲမှုများအပေါ် မူတည်၍ ဆုံးဖြတ်နိုင်ကြလိမ့်မည် ဖြစ်သည်။
ထို့အပြင် NUCC ၏ နိုင်ငံရေးဦးဆောင်မှု၊ ထိရောက် အလုပ်ဖြစ်မှုများသည် ပြည်သူများ၊ ပါဝင်ပတ်သက်ကြသူများနှင့် တော်လှန်ရေးအင်အားစုများအားလုံးနှင့် သက်ဆိုင်နေပြီး ပြက်ရယ်ပြု၊ အပြစ်တင်နေမည့်အစား တဖန်ပြန်လည် စုစည်းအားကောင်းလာစေရန် အကြံပြုခြင်းများ၊ နိုင်ငံရေးအရ တွန်းအားပေးခြင်းများနှင့် အကြံပြုသုံးသပ်ချက်ကို စုပေါင်းဆောင်ရွက်သင့်ကြောင်း ကနဦးအနေဖြင့် တင်ပြလိုပါသည်။
တော်လှန်ရေးအစ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အတည်ပြုခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် ၄ နှစ်ကျော်ကြာအပြီးတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ၊ ဖြစ်စဉ်များနှင့် ကိုက်ညီမှု မရှိတော့သည်ကို အားလုံးသဘောပေါက်ရန်လိုအပ်ပါသည်။
ထို့ကြောင့် ခေတ်ကာလ၊ အခြေအနေနှင့် လျှော်ညီသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တရပ် ဖြစ်လာစေရေး အစောတလျင်ပြန်လည်သုံးသပ်ကြရန်နှင့် နိုင်ငံရေးအနှစ်သာရ၊ လက်တွေ့လုပ်ငန်း အကောင်အထည်ဖော်ရေး၊ အားလုံးပါဝင်ရေးနှင့် ဆုံးဖြတ်ခွင့်ဆိုင်ရာကဏ္ဍများအား အလေးထား သုံးသပ်ကာ ပြုပြင်ပြောင်းလဲခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း စသည်တို့ကို တတိယအကြိမ် ပြည်သူ့ ညီလာခံ ခေါ်ယူကျင်းပကာ ပိတ်ဆို့နေသည့် နိုင်ငံရေးလမ်းကြောင်းအား ပြည်သူ့အားဖြင့် ရှင်း လင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ဘာတွေလွဲခဲ့သလဲ
ကျွမ်းကျင်မှုနှင့် တာဝန်ခံမှုမရှိခြင်း NUCC သည် အရည်အချင်း၊ ကျင့်ဝတ်နှင့် တာဝန်ခံမှုတို့ကို ပြန်လည်ဆန်းစစ်ရန် ပျက်ကွက်ခြင်းအပါအဝင် ကျွမ်းကျင်ပိုင်နိုင်မှု အားနည်းခြင်းကြောင့် ဝေဖန်ခံနေရသည်။ လူထုတွေ့ဆုံပွဲများ၊ ညီလာခံများတွင် အဖွဲ့ဝင်များသည် အပြုသဘောဆောင်သော ဆွေးနွေးမှုများကို အာရုံစိုက်ခြင်းထက် အပြန်အလှန် အပြစ်တင်ခြင်းနှင့် ငြင်းခုံမှုများတွေ့နေရခြင်းသည် ပြည်သူလူထု၏ ယုံကြည်မှုကို လျော့နည်းစေခဲ့သည်။ အဆိုပါလွဲမှားမှုများသည် အဖွဲ့အစည်း၏ ယုံကြည်ကိုးစားမှုကို ပျက်ပြားစေပြီး ထိရောက်စွာ ဦးဆောင်နိုင်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခံရစေနိုင်သည်။
အဖွဲ့ဝင်များအကြား အပြန်အလှန် ယုံကြည်မှုအားနည်းခြင်း
NUCC အတွင်း စုံလင်ကွဲပြားသော ကိုယ်စားပြုအဖွဲ့များကြားတွင် သိသာထင်ရှားသော ယုံကြည်မှု ကင်းမဲ့နေခြင်းသည်လည်း အားနည်းချက်များ ဖြစ်ပေါ်စေနိုင်သည်။ အဆိုပါ ယုံကြည်မှုအားနည်းခြင်းသည် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေနိုင်သည်။ အခြေခံယုံကြည်မှုမရှိခြင်းသည် အဖွဲ့ဝင် အဖွဲ့အစည်းများအတွက် ဘုံရည်မှန်းချက်များဆီသို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ရန်ခက်ခဲစေပြီး မထိရောက်သောရလဒ်များဆီသို့ ဦးတည်စေသည်။
ထိရောက်မှုမရှိသော ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ
နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်များချရန်အတွက် အပြည့်အဝသဘောတူညီချက် လိုအပ်သည့်အခါ NUCC ၏ အားလုံးသဘောတူညီမှုကို အခြေခံသည့် ဆုံးဖြတ်ချက်ချခြင်းအပေါ် မှီခိုမှုသည် ပြဿနာရှိနေကြောင်း သက်သေပြခဲ့သည်။ အဆိုပါအလေ့အထသည် နိုင်ငံရေးဆိုင်ရာပြဿနာများ တုံ့ဆိုင်းသွားကာ အရေးကြီးသော သဘောတူညီချက်များရရှိနိုင်ရန် သို့မဟုတ် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် နှောင့်နှေးသွားစေသည်။ ၆၅ ရာခိုင်နှုန်း သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်များကို ခွင့်ပြုသည့် ဖက်ဒရယ်ဋိညာဉ်တရပ်ရှိသော်လည်း NUCC သည် ဤသတ်မှတ်ချက်ကိုရရှိရန် ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်သည်။
အဖွဲ့ဝင် အဖွဲ့အစည်းဆိုင်ရာ လက်ခံမှုပြဿနာနှင့် ကိုယ်စားပြုမှု ပြဿနာများဆိုင်ရာ အားနည်းချက်များ
လွန်ခဲ့သည့် လေးနှစ်အတွင်း NUCC ၏ အဖွဲ့ဝင်ဖြစ်မှုသည် တိုးလာသည်ထက် လျော့ကျသွားပြီး သက်ဆိုင်သူအသီးသီးမှ ကျယ်ပြန့်သော ကိုယ်စားပြုမှုကို ထိန်းသိမ်းရာတွင် စိန်ခေါ်မှုများကို ညွှန်ပြနေသည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် နိုင်ငံရေးပါတီများသည် NUCC မှ နုတ်ထွက်ခြင်းနှင့် စိတ်ဝင်စားမှု လျော့နည်းလာခြင်းသည်လည်း NUCC က ဖြေရှင်းရမည့် ပုစ္ဆာတပုဒ် ဖြစ်သည်။
မြင်သာထင်သာရှိသော တိုးတက်မှုအနည်းငယ်ရှိသော သင်္ကေတရလဒ်များ
NUCC သည် အစည်းအဝေးမြောက်မြားစွာကို ကျင်းပသည်ဟု ဆိုသော်လည်း အဆိုပါ အစည်းအဝေးများသည် အရေးပါသည့် ရလဒ်များ မထွက်ခြင်းနှင့် နိုင်ငံရေးအရဦးဆောင်မှုကို ပြန်လည် မြှင့်တင်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ အစည်းအဝေးတွင် ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းနှင့် အကောင်အထည်ဖော်မည့် အချိန်ဇယားများ မရှိခြင်းသည်လည်း NUCC အနေဖြင့် အားနည်းချက်များထဲက တခုဖြစ်သည်။
လူထုနှင့် ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း
NUCC သည် ၎င်း၏ လုပ်ငန်းဆောင်တာများကို ထိရောက်စွာ တင်ပြပြောဆိုခြင်း သို့မဟုတ် အများပြည်သူနှင့် ထိတွေ့ဆက်ဆံခြင်းမပြုဘဲ ၎င်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ပြည်သူများအကြား ယုံကြည်မှုလျော့နည်းစေသည်။ NUCC ၏လုပ်ဆောင်မှု သို့မဟုတ် လုပ်ငန်းလည်ပတ်နေမှုများကို ပြည်သူများကသိရှိရန် လက်လှမ်းမမီနိုင်ခြင်းသည်လည်း နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို ကျဆင်းစေသည်။
နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာဖြေရှင်းနိုင်စွမ်းမရှိခြင်း
မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြားတွင် ဆက်လက် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပြဿနာများ ရင်ဆိုင်နေရသောကြောင့် NUCC သည် လွတ်မြောက်နယ်မြေများတွင် ထိရောက်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး မူဘောင်များ ချမှတ်ရန် (သို့မဟုတ်) ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ရှင်းလင်းသော လမ်းညွှန်မှုပေးရန် ပျက်ကွက်နေရသည်။ ထိုသို့မစွမ်းဆောင်နိုင်မှုသည် မြန်မာ့အကူးအပြောင်း ကာလတွင် ၎င်း၏ နိုင်ငံရေးဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ထိခိုက်စေပါသည်။
တော်လှန်ရေးအစတွင်ရေးဆွဲခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား ပြန်လည်ဆန်းစစ်၍ ပြင်ဆင်ရန် ပျက်ကွက်ခြင်း
ဧပြီ ၇ ရက်တွင်ထုတ်ပြန်သော ဒုတိယအကြိမ်ပြည်သူ့ညီလာခံသို့ တင်သွင်းသည့် NUCC ၏ အစီရင်ခံစာ၏ သုံးသပ်ချက် အပိုဒ် ၃၃ (က)တွင် NUCC သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းအား ဝန်ခံထားပြီး ပါဝင်သည့် အစုအဖွဲ့ ၅ ခုမှ အဖွဲ့ဝင်အဖွဲ့အစည်းများသည် ယနေ့အချိန်တွင် အချို့မှာ တော်လှန်ရေးတွင် ပါဝင်ခြင်း မရှိတော့ခြင်း၊ အချို့မှာပါဝင်သော်လည်း NUCC တွင် မူလအဖွဲ့အစည်း၏ ကိုယ်စားပြုမှု မသေချာခြင်းနှင့် အစည်းအဝေးများအား ပျက်ကွက်ခြင်း၊ အချိန်မပေးနိုင်ခြင်း နှင့် အကြံဉာဏ်ကောင်းများ မပေးနိုင်ခြင်း၊ ဆန်းသစ်တီထွင်သည့် နိုင်ငံရေး၊ တော်လှန်ရေးအမြင် အားနည်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။
ထို့အပြင် အဆိုပါအဖွဲ့ဝင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များသည် အစည်းအဝေး မတတ်နိုင်ခြင်းကြောင့် ဆွေးနွေးစရာများ စုပုံနေခြင်း၊ ရံဖန်ရံခါ အစည်းအဝေး အထမမြောက်သည်အထိ ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်ဟု ဖော်ပြထားသည်။ ထို့အပြင် NUCC သည် နိုင်ငံရေးတပ်ပေါင်းစုသွင်မဆောင်ဘဲ ချည့်နဲ့သည့် နိုင်ငံရေးပါတီတခုသာ အသွင်ဆောင်နေပြီး အမျိုးသမီး၊ လူငယ်နှင့် လူနည်းစုများ၊ ဖယ်ကျဉ်ခံအုပ်စုများပါဝင်ရန် ဖိတ်ခေါ်မှု ပျက်ကွက်ခြင်းကြောင့် နိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် အပြည့်အဝ မလုပ်ဆောင်နိုင်ပါဘဲ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။
NUCC ၏ အားနည်းချက်များ၊ လွဲမှားနေမှုများအား ပြုပြင်ပြောင်းလဲရန် အကြံပြုဆွေးနွေးချက်
အဆိုပါ အားနည်းချက်များ၊ လွဲမှားနေမှုများကို အဖွဲ့ဝင် အဖွဲ့အစည်းတိုင်း နားလည်သဘောပေါက်၍ လက်ခံရန်လိုအပ်ပြီး သတ္တိရှိရှိ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်း လဲရန်အတွက် အဖွဲ့ဝင် အဖွဲ့အစည်းသစ်လက်ခံရေးဆိုင်ရာမူဝါဒများချမှတ်၍ အားလုံးပါဝင်သော၊ လက်ခံသော နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍအား ပြန်လည်မြှင့်တင်ရန် အရေးကြီးသည်။ ထိုသို့ပြန်လည်ပြုပြင်ရန်ပျက်ကွက်ပါက NUCC နိုင်ငံရေးဦးဆောင်မှုကဏ္ဍသည် ကျဆုံးမှုနှင့် ရင်ဆိုင်ရနိုင်ပြီး နိုင်ငံနှင့် ပြည်သူအတွက် ညီညွတ်မှုနှင့် နိုင်ငံရေးဆွေးနွေးမှု ပလက်ဖောင်း ပျောက်သွားနိုင်ကြောင်း သတိပြုကြရန် တိုက်တွန်းသည်။
ရှင်းလင်းသော ခေါင်းဆောင်မှုနှင့် တာဝန်ခံမှုဆိုင်ရာ ယန္တရားများကို အလျင်အမြန် ဖော်ဆောင်ရန် NUCC အတွင်း လုပ်ငန်းကျွမ်းကျင်မှုနှင့် တာဝန်ခံမှု မရှိခြင်းများကို ဖြေရှင်းရန်အတွက် ရှင်းလင်းပြတ်သားသော ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် တာဝန်များကိုချမှတ်ရန် လိုအပ်ပါသည်။ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များနှင့် ရလဒ်များအတွက် တာဝန်ခံနိုင်သော သီးခြားခေါင်းဆောင်မှုအဖွဲ့ကို ခန့်အပ်ခြင်းဖြင့် ကုစားနိုင်သည်။ လုပ်ငန်းများနှင့် လုပ်ဆောင်ချက်များကို ပုံမှန်သုံးသပ်ချက်များနှင့် တုံ့ပြန်ချက်ယန္တရားများကို အကောင်အထည် ဖော်ခြင်းသည် ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များအတွက် တာဝန်ခံမှုရှိစေကြောင်း သေချာစေနိုင်သည်။
အဖွဲ့ဝင် အဖွဲ့အစည်းများအကြား ယုံကြည်မှုကို မြှင့်တင်ရန်
NUCC အဖွဲ့ဝင်အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ခြင်းသည် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးပါသည်။ အဖွဲ့တည်ဆောက်ရေး လေ့ကျင့်ခန်းများ၊ ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် အဖွဲ့ဝင်များသည် စိုးရိမ်ပူပန်မှုများနှင့် နစ်နာမှုများကို အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် ဖော်ပြနိုင်သည့် ဆွေးနွေးပွဲများအတွက် ပွင့်လင်းသော ဖိုရမ်များမှတဆင့် ကူညီဆောင်ရွက်ပေးနိုင်သည်။ ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုကို အားပေးခြင်းသည်လည်း ယုံကြည်မှုတည်ဆောက်ခြင်းကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။
မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်
NUCC သည် ၎င်း၏လုပ်ဆောင်ချက်များ၊ ပန်းတိုင်များနှင့် အောင်မြင်မှုများကို လူအများအား ပိုမိုကောင်းမွန်စွာ အသိပေးနိုင်စေရန် ၎င်း၏ ပြည်သူ့ဆက်ဆံရေးဗျူဟာများကို မြှင့်တင်ရသည်။ ၎င်းတွင် လူမှုမီဒီယာပလက်ဖောင်းများ၊ အသိုက်အဝန်းအတွင်း ဖြန့်ဝေမှုအစီအစဉ်များနှင့် ပါဝင်ပတ်သတ်သူများအား အသိပေးရန် ပုံမှန် သတင်းထုတ်ပြန်ချက်များပါဝင်သည်။ အများသူငှာ ထင်သာမြင်သာမှုနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခြင်းဖြင့် NUCC သည် ဆွေးနွေးပွဲများ၊ စကားဝိုင်းကို သက်ဆိုင်ရာအဖွဲ့အစည်းအစုံ (အထူးသဖြင့်) ဖယ်ကျဉ်ခံအုပ်စု၊ လူနည်းစု၊ အမျိုးသမီး၊ လိင်ကွဲပြားသူများနှင့် လူငယ်အဖွဲ့အစည်းများကို ဖိတ်ခေါ်ပါဝင်စေခြင်းဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်။
အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် စိစစ်ရေး၊ လက်ခံရေးနှင့် ပါဝင်နိုင်မှုကို ဦးစားပေးဆောင်ရွက်ရန်
ကိုယ်စားပြုခြင်းဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် NUCC သည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ကိုယ်စားပြုမှု နည်းပါးသောအဖွဲ့များထံမှ တက်ကြွစွာ ပါဝင်မှုကို လမ်းဖွင့်ပေးခြင်းဖြင့် အားလုံးပါဝင်မှုကို ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်သည်။ ယင်းတွင် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် စုံလင်ကွဲပြားသော အမြင်များပါဝင်ကြောင်း သေချာစေရေးအတွက် အဖွဲ့ဝင်အဖွဲ့အစည်း လက်ခံရေးမူဝါဒ၊ လက်ခံရေးဆိုင်ရာ အရည်အချင်း သတ်မှတ်ချက်၊ နိုင်ငံရေးအရ တန်းတူဖြစ်မှု စသည့်အကြောင်းအရာများကို အာမခံပေးသည့် လုပ်ငန်းစဉ်များကို ချက်ချင်း ပြင်ဆင်ရမည်။
မြင်သာထင်သာရှိသော ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်မှု အချိန်ဇယားများ သတ်မှတ်ဆောင်ရွက်ရန်
အကောင်အထည်ဖော်မှု အချိန်ဇယားများအား NUCC သည် ရှင်းလင်းသော ဦးစားပေးမှုများကို ချမှတ်ရန် လိုအပ်ပါသည်။ မရေရာသော ထုတ်ပြန်ချက်များ သို့မဟုတ် အဆိုပြုချက်များထက် အောင်မြင်နိုင်သော ရည်မှန်းချက်များကို အာရုံစိုက်ခြင်းဖြင့် အဖွဲ့အစည်းသည် အချိန်နှင့်အမျှ တိုးတက်မှုကို ပြသနိုင်သည်။ ထိုပန်းတိုင်များကို မှန်မှန်သုံးသပ်ခြင်းသည် အရှိန်အဟုန်နှင့် တာဝန်ခံမှုကို ထိန်းသိမ်းရန် ကူညီပေးပါလိမ့်မည်။
ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များကို မြှင့်တင်ရန်
တိုးတက်မှုရပ်တန့်သွားသည့် အများဆန္ဒ အခြေခံဆုံးဖြတ်ချက်ချခြင်းဆိုင်ရာကိစ္စရပ်များကို ကျော်လွှားရန်အတွက် NUCC သည် လူများစု၏ ထင်မြင်ယူဆချက်များကို လေးစားဆဲဖြစ်ပြီး လိုအပ်သည့်အခါတွင် လူများစု၏ အုပ်ချုပ်မှုကို ခွင့်ပြုသည့် ပိုမိုပြောင်းလွယ်ပြင်လွယ်သော ချဉ်းကပ်မှုတခုကို လက်ခံစဉ်းစားရမည်ဖြစ်သည်။ ၎င်းတွင် အားလုံးပါဝင်ဆောင်ရွက်မှုကို မဖယ်ကျဉ်ပါဘဲ ပြဿနာသစ်များအား ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်စေရန်အတွက် လက်ရှိဆုံးဖြတ်ချက်ချမှတ်ရေး မူဘောင်များ၊ အစည်းအဝေး ကျင်းပမှုနှင့် အကောင်အထည် ဖော်မှု လုပ်ငန်းစဉ်များကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း ယန္တရားများ အလျင်အမြန် ဖော်ဆောင်ရမည်။
ထိရောက်မှု အကဲဖြတ်ချက်များကို ပုံမှန်လုပ်ဆောင်ရန်
NUCC ၏ ပဏာမခြေလှမ်းများ၏ ထိရောက်မှုကို ပုံမှန်အကဲဖြတ်ခြင်းကို အကောင်အထည် ဖော်ခြင်းသည် ကောင်းမွန်စွာလုပ်ဆောင်သည့်အရာနှင့် တိုးတက်မှု လိုအပ်သည်များကို တန်ဖိုးရှိသော အမြင်သစ်များကို ဖြစ်ပေါ်နိုင်လိမ့်မည်။ ထိုအကဲဖြတ်ချက်များတွင် စွမ်းဆောင်ရည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်မှုရှိစေရန်အတွက် ပြည်တွင်းအဖွဲ့ဝင်များနှင့် ပြင်ပပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်များ ပါဝင်သင့်သည်။
အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို အဆင့်ဆင့်အကောင်အထည်ဖော်ခြင်းဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သည် မြန်မာနိုင်ငံကို အားလုံး ပိုမိုပါဝင်နိုင်သည့် ဒီမိုကရေစီအခြေခံသည့် ဖက်ဒရယ်အနာဂတ်ဆီသို့ ဦးဆောင်နိုင်သည့် ယုံကြည်လောက်သော နိုင်ငံရေးအဖွဲ့အစည်းတခုအဖြစ် ပိုမိုခိုင်မာလာစေနိုင်ပါမည်ဖြစ်ကြောင်း အပြုသဘောဆောင် သုံးသပ်ဝေဖန် တင်ပြအပ်ပါသည်။
(ယခု ဖတ်ရူနေရသည့် စာအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့တွင် ရေးသား၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့်ပတ်သက်၍ တင်ပြခဲ့သည့် အကြံပြု သုံးသပ်ချက်အား ပြန်လည်တည်းဖြတ် ဖော်ပြခြင်းဖြစ်သည်။)
ဂျေဆန် (သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)


