ဂျပန်၊ ကိုရီးယားနဲ့ မကာအို အထူးအုပ်ချုပ်ရေးဒေသကနေ မြန်မာနိုင်ငံကို လာရောက်မယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆိုက်ရောက်ဗီဇာ (Tourist Visa on Arrival) စမ်းသပ်ကာလကို တနှစ် ထပ်မံတိုးမြှင့် ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အဲဒီနိုင်ငံတွေကနေ လေကြောင်းခရီးနဲ့ လာရောက်မယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် မြန်မာနိုင်ငံက ထုတ်ပေးနေတဲ့ ဆိုက်ရောက်ဗီဇာကို အရင်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ စမ်းသပ်ကာလ တနှစ် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ ပထမ အကြိမ် ထပ်မံသက်တမ်းတိုးမြှင့် ခွင့်ပြုလိုက်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ဆိုက်ရောက်ဗီဇာကို ကမ္ဘာ့လှည့်ခရီးသည်တွေအတွက်သာ ခွင့်ပြုထားတာ ဖြစ်ပါတယ်၊ အဲဒီစနစ်အရ ဝင်ရောက်လာတဲ့ ခရီးသွားတွေအနေနဲ့ တယောက်ကို အမေရိကန်ဒေါ်လာ ၅၀ ဗီဇာကြေး ပေးသွင်းရမှာဖြစ်ပြီး ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ နေထိုင်ခွင့် ထပ်မံတိုးမြှင့်လို့တော့ ရမှာမဟုတ်ပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်ပ ခရီးသွားဝင်ရောက်မှု နည်းပါးနေချိန်မှာ နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဆိုက်ရောက်ဗီဇာတွေ ခွင့်ပြုပေးနေတာလို့ သိရပါတယ်။
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာလှည့် ခရီးသည်တွေအတွက်လည်း ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ကို ၂၀၂၄ ခုနှစ် မတ်လကစပြီး စမ်းသပ်ကာလ တနှစ် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa On Arrival ကိုလည်း ၂၀၂၃ ခုနှစ် သြဂုတ်လက စတင်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၆ ခုနှစ် သြဂုတ်လကုန်အထိ ထပ်မံသက်တမ်းတိုး ခွင့်ပြုပေးထားပါတယ်။




