
မန်ယူနိုက်တက်အသင်းမှာ ပြုပြင်ရမယ့်အရာတွေ အများကြီးရှိသေးကြောင်း နည်းပြ ရူဘင်အာမိုရင်က သုံးသပ်သွားပါတယ်။
မန်ယူအသင်းဟာ အဲဗာတန်အသင်းကို မိနစ် ၈၀ ကျော် တယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် အသင်းမှာ လိုအပ်ချက်တွေများစွာ ရှိသေးကြောင်း နည်းပြအာမိုရင်က ဝန်ခံသွားတာပါ။
အစပိုင်း ကစားပုံနဲ့ တယောက်အသာရချိန်မှာ ကစားပုံတွေက နားမလည်နိုင်လောက်အောင် ကွဲပြားခြားနားသွားပြီး အိမ်ကွင်းမှာ အသင်းရဲ့ စွမ်းဆောင်ရည် ပြုပြင်စရာတွေ အများကြီးရှိသေးကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဒါ့အပြင် အမှတ်ပေး ဇယားထိပ်ပိုင်းနေရာအတွက် ယှဉ်ပြိုင်နေတဲ့ အသင်းတသင်းရဲ့ စိတ်ဆန္ဒပြင်းပြမှုလည်း မရှိခဲ့ဘဲ အဲဗာတန်အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
မန်ယူနိုက်တက်ဟာ အဲဗာတန်ကို အနိုင်ရမယ်ဆိုရင် အဆင့် ၅ နေရာ တက်လှမ်းနိုင်မှာဖြစ်ပေမဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၁၀ နေရာ ရောက်သွားပါတယ်။


