
အစ္စရေးက လက်ဘနွန်မြို့တော် ဘေရွတ်မှာ လေကြောင်းတိုက်ခိုက်ပြီး ဟစ်ဇ်ဘိုလာ ယာယီစစ်ဦးစီးချုပ်ကို သတ်ဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အမေရိကန်နဲ့ ပြင်သစ် ကြားဝင်မှုနဲ့ အပစ်အခတ် ရပ်စဲထားတာ ဖြစ်ပေမဲ့ အစ္စရေးဟာ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ဆက်စပ်သူတွေအပေါ် ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
သေဆုံးသူ ဟိုင်သမ် အလီ အယ်လ်-တက်ဘ်တာဘိုင်ကို အမေရိကန်ကလည်း ဒေါ်လာ ၅ သန်း ဆုကြေးထုတ်ထားပါတယ်။
လူနေထူထပ်တဲ့ ဒါဟီယာရပ်ကွက် တိုက်ခိုက်ခံရတာမို့ အနည်းဆုံး လူ ၅ ယောက် သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ခေါင်းဆောင် သေဆုံးကြောင်း အတည်ပြုပြီး အစ္စရေးဟာ စည်းကျော်သွားပြီလို့ သတိပေးပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟစ်ဇ်ဘိုလာအဖွဲ့ အင်အားပြန်ကောင်းလာမယ့် အရေးကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်ထဲကို လက်နက်တွေ ခိုးသွင်းနေသလို ရော့ကတ်နဲ့ ဒုံးကျည်တွေ နေရာမှာ ဖောက်ခွဲရေးဒရုန်းတွေ အစားထိုးထုတ်လုပ်ပြီး စစ်ရေးစွမ်းရည် ပြန်လည်တည်ဆောက်နေတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။
လက်ဘနွန်မှာ အခြေစိုက်တဲ့ ရှီးယိုက်မွတ်စလင်အဖွဲ့ ဟစ်ဇ်ဘိုလာကို အီရန်က ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။
လက်ဘနွန်သမ္မတ ဂျိုးဇက်ဟွောင်း ကတော့ အစ္စရေးလုပ်ရပ်ဟာ အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ပြီး တိုက်ခိုက်မှုတွေရပ်တန့်ရေး အစ္စရေးကို ဖိအားပေးကြဖို့ပါ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
Source: Reuters


