
အစ္စရေးက လက်ဘနွန်တောင်ပိုင်း တေယာဖယ်ဆေရွာက အဆောက်အအုံတခုကို နိုဝင်ဘာ ၁၉ ရက်မှာ တိုက်ခိုက်မှုအပြီး ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။
နယ်စပ်ဒေသမှာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေရဲ့ စစ်ရေး ပြန်လည်နိုးကြားလာမှုကို တားဆီးဖို့ ရည်ရွယ်တယ်လို့ ပြောရင်း အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၉ ရက်မှာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းကနေ တိုးမြှင့်တိုက်ခိုက်ခဲ့ပြီး လူတယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အစ္စရေးက လက်ဘနွန်တောင်ပိုင်းက ရွာ ၄ ရွာမှာ တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ အဆောက်အအုံတွေကို ဖော်ပြခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေတယ်လို့ လူမှုမီဒီယာမှာ သတိပေးချက်တွေ ထုတ်ပြန်ပြီးတဲ့နောက် ဒေသခံတွေ ထွက်ပြေးခဲ့ကြပါတယ်။
ဒီယာကီဖာ၊ ချီဟို၊ အာအိုင်နာတာနဲ့ တေယာဖီလ်ဆေးရွာတွေကို တိုက်ခိုက်ခဲ့လို့ မီးခိုးတွေ ထူထူထပ်ထပ် အူတက်လာခဲ့ပါတယ်။
အစောပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးတဲ့နောက် အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို နောက်တကျော့ တိုက်ခိုက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၈ ရက်က လက်ဘနွန်တောင်ပိုင်းက ပါလက်စတိုင်း ဒုက္ခသည်စခန်းတခုအပေါ် အစ္စရေးက တိုက်ခိုက်လို့ လူ ၁၃ ယောက်ထက်မနည်း သေဆုံးပြီး တခြားလူအများအပြား ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
ကမ်းရိုးတန်းမြို့ ဆီဒွန်ရဲ့ဆင်ခြေဖုံးက အိန်အယ်လ် ဟီလ်ဝေး ဒုက္ခသည်စခန်းအတွင်း ဗလီတခုရဲ့ ယာဉ်ရပ်နားစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ကားတစီးကို ထိမှန်ခဲ့တယ်လို့ နိုင်ငံပိုင်အမျိုးသားသတင်းဌာနက ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း “၁၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်” လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပြီး “လူနာတင်ယာဉ်တွေက ဒဏ်ရာရသူတွေကို အနားက ဆေးရုံတွေဆီ ပို့နေတုန်းပဲ” လို့ ထပ်လောင်းပြောခဲ့ပါတယ်။
အင်္ဂါနေ့ တိုက်ခိုက်မှုတွေဟာ အစ္စရေးနဲ့ သူ့စစ်တပ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်ရာမှာ သုံးနေတဲ့ ဟားမတ်စ် လေ့ကျင့်ရေးဝင်းကို ပစ်မှတ်ထားခဲ့တာလို့ အစ္စရေးက ပြောပါတယ်။
အစ္စရေးစစ်တပ်က ဟားမတ်စ်အဖွဲ့ လှုပ်ရှားတဲ့ နေရာတိုင်းကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် တခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ ဟားမတ်စ်ဟာ လက်ဘနွန်နိုင်ငံထဲက ပါလက်စတိုင်းစခန်းတွေမှာ ဒီလို အဆောက်အအုံတွေ မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အစ္စရေးရဲ့ အပြောတွေကို အလိမ်အညာတွေလို့ ခေါ်ဆိုခဲ့ပါတယ်။
ဒါပေမဲ့ စခန်းထဲက ဟားမတ်စ် မဟာမိတ်တွေက ဖြစ်ပျက်ခဲ့တာတွေကို သတင်းထောက်တွေကို ကြည့်ခွင့်မပြုခဲ့ဘူးလို့ Associated Press သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်ထောက်ခံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟစ်ဇ်ဘိုလာတွေနဲ့ စစ်ပွဲအပြီးမှာ ဟစ်ဇ်ဘိုလာတွေက ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားနေတယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပါတယ်။
အစ္စရေးနိုင်ငံနဲ့ နယ်စပ်ဒေသမှာ ဟစ်ဇ်ဘိုလာတွေရဲ့ စစ်ရေးတည်ရှိမှုကို အဆုံးသတ်ဖို့နဲ့ လက်ဘနွန်စစ်တပ်ကို အဲဒီနေရာမှာ တပ်ချထားဖို့ လိုအပ်ချက်တွေကို လိုက်နာခဲ့တယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့က ပြောခဲ့ပါတယ်။
Source: Reuters


