
ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းပိုင်းတလျှောက်မှာ စစ်ရေးတင်းမာနေပြီး ရက်အကန့်အသတ်မရှိ ကားလမ်းပိတ်လိုက်တာကြောင့် ပိတ်မိနေတဲ့ ခရီးသည်ကား၊ ကုန်ကားတွေ ရာချီရှိနေကြပြီး ခရီးသွားပြည်သူတွေလည်း လမ်းမှာ နေထိုင်စားသောက်ဖို့ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်ကစပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီးနောက် စစ်ရေးတင်းမာလာကာ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာမှ ပလောက်မြို့အလွန်၊ ဘုတ်တောင်အထိ ထားဝယ်-မြိတ်ကားလမ်းပိုင်းတလျှောက်မှာ ကုန်ကား၊ ခရီးသည်ကားတွေ စတင်ပိတ်မိကုန်ကြတာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်အထိ သရက်ချောင်းမြို့နယ်နဲ့ ပလောက်မြို့ကြား ကျွဲစပ်၊ ပြင်းဖြူကြီး၊ ချောက်ချောင်းရွာအထိမှာ ပိတ်မိနေတဲ့ ခရီးသည်ကားနဲ့ ကုန်ကားတွေ အရေအတွက် ၃၀၀ နီးပါးဝန်းကျင်ရှိပြီး ခရီးသွားပြည်သူ ၄၀၀ ခန့်ရှိတယ်လို့ သိရကာ နီးစပ်ရာကျေးရွာတွေမှာ တည်းခိုပြီးတော့ အဆင်ပြေသလို နေထိုင်စားသောက်နေကြရတယ်လို့ ပိတ်မိနေတဲ့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
“ဘယ်လိုမျိုးစားသောက်နေကြလဲဆိုတော့ ပြင်းဖြူကြီးရွာမှာ ပိတ်မိနေတဲ့ ကားတွေက များတယ်။ ပိတ်မိနေတာကို ၂၀၀ ကျော်လောက်ရှိမယ်။ ရွာခံတွေပဲ ကျွေးမွေးတယ်။ ကျနော်တို့လည်း နီးစပ်ရာလူတွေနဲ့ အလှူငွေထည့်ပြီး အဆက်ပြေသလို လုပ်ပေးလိုက်တာရှိတယ်။ အခုချိန်ထိ လမ်းဖွင့်ပေးမှာကို မနက်ဖြန်ပေါင်းများစွာ မျှော်လင့်နေရတာပဲ။ ဖွင့်မယ့်အချိန်ကိုလည်း အတိအကျ မပြောနိုင်ဘူး။ စစ်ရေးလည်း တင်းမာတဲ့ အအနေအထားရှိတုန်းပဲ ဆိုတော့လေ။ မြိတ်ကနေ-ထားဝယ်၊ ထားဝယ်ကနေ ခရီးရောက်တဲ့သူတွေလည်း ရှိတယ်။ ပိတ်မိနေတဲ့သူတွေလည်း ရေလမ်းကနေ သွားလို့မရနိုင်တဲ့ အခက်အခဲတွေလည်း ရှိမှာပေါ့။ ငွေရေးကြေးရေး အခက်အခဲကြောင့် လှေစီးပြီးသွားရမှာကို ချင့်ချိန်နေရတာလေ၊ လက်မှတ်တစောင်ကို နှစ်သိန်းခွဲလောက် ဖြစ်နေတယ် ဆိုတော့လေ။”
စစ်ရေးတင်းမာနေချိန်အတွင်း သရက်ချောင်းမြို့နယ်မှ ပလောက်မြို့အထိကို နိုဝင်ဘာ ၈ ရက်နေ့ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် ကုန်ကားတွေမှာပါလာတဲ့ ကုန်စိုတွေမှာ ပုပ်သိုးသွားနိုင်တာကြောင့် သရက်ချောင်းမြို့နယ်အတွင်း ပိတ်မိနေတဲ့ ကုန်ကားတွေ ထားဝယ်ဘက်ကို ပြန်လှည့်ပြန်ပြီး ပုပ်သိုးလွယ်တဲ့ ကုန်ပစ္စည်းတွေကို ထားဝယ်ဆိပ်ကမ်းကနေတဆင့် မြိတ်ဘက်ကို စက်လှေတွေနဲ့ သယ်ယူပို့ဆောင်နေကြတယ်လို့ ထားဝယ်မြို့ပေါ်ပိတ်မိနေတဲ့ ကားသမားက ပြောပါတယ်။
“တချို့ကလည်း ပုပ်ပြီး ပစ်ချလိုက်ရတယ်၊ တချို့ကားတွေကလည်း ထားဝယ် လာတယ်၊ ထားဝယ်ကနေ ကမ်းနားမှာ လှေနဲ့လာသယ်သွားပြီး မြိတ်ရောက်သွားကြပြီ။ တချို့က တခါခံဖူးတော့ အဆင်သင့် လုပ်ထားကြတာပေါ့။ ဒီလိုမျိုး လမ်းပိတ်တာ ၁ ရက်၊ ၂ ရက် ကြာလာပြီး မစောင့်တော့ဘဲ ထားဝယ်ပြန်လှည့်ပြီးတော့ လှေနဲ့သယ်ကြတော့တာပါ။ ဒီလမ်းတွေပိတ်နေတာ ခုမှမဟုတ်ဘဲ အကြိမ်ပေါင်းမနည်းတော့ဘူး။ ၂၀၂၃ လောက်တည်းက ပိတ်နေကျလေ။ အရေးကြီးလူနာတွေလည်း စပိဘုတ်နဲ့လိုက်လာပြီး ထားဝယ်ကနေတဆင့် ကားနဲ့ပြန်သွားဖို့ပဲ ရှိတယ်။”
နိုဝင်ဘာ ၂၂ ရက် မနက်မှာ ထားဝယ်-မြိတ်ကားလမ်းပိုင်းရှိ ဝဲရစ်ရွာနဲ့ ကမြိုင်ရွာကြားမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး နိုဝင်ဘာ ၂၃ ရက် မနက်မှာ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ် ဝင်းဝစခန်းကတဆင့် အင်အားရာချီရှိတဲ့ စစ်ကောင်စီတွေ စစ်ကြောင်းထိုးလာပြီးနောက် မင်းဒပ်၊ သင်းကျွန်း၊ ဝဲရစ်၊ ကမြိုင်၊ ကြက်ခမောက်၊ ကျွဲမင်းကုန်း စတဲ့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ ထောင်ချီပြီးတော့ စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။
ထားဝယ်-မြိတ်ကားလမ်းပိုင်းမှာ ၂၀၂၃ ခုနှစ်နောက်ပိုင်းကစပြီးတော့ စစ်ရေးတင်းမာမှုတွေ မကြာခဏဖြစ်လေ့ရှိပြီး စစ်ရေးအခြေအနေအရ မကြာခဏပိတ်လေ့ရှိတာကြောင့် ခရီးသည်ကား၊ ကုန်ကားတွေ မြေပြင်စစ်ရေးအခြေအနေကို လေ့လာသိရှိပြီးမှ ခရီးသွားလာကြဖို့ လုပ်သင့်ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တချို့နဲ့ ခရီးသွားပြည်သူတချို့က ပြောပါတယ်။


