
မန္တလေး - မြစ်ကြီးနားလမ်းမှာ လမ်းကြေးသိန်းရာကျော်ပေးဆောင်နေရတယ်လို့ ကုန်သည်၊ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
ကုန်သည်တယောက်က “လမ်းကြေးက KIA ရော၊ PDF ရော၊ စစ်ကောင်စီတပ်နဲ့ဂိတ် အားလုံးပေါင်းလိုက်ရင် ဘိလပ်မြေ တမျိုးတည်းကုန်ကို သိန်း ၁၂၀ လောက်ကုန်မယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားရောက်ကာနီး တနိုင်းလမ်းဆုံ စစ်တပ်ဂိတ်မှာ စာအုပ်၊ ဂဏန်းပေါင်းစက်နဲ့ တွက်ပြီးကောက်နေတာလို့ သူက ပြောပါတယ်။
လတ်တလောမှာ မိုးညှင်းနဲ့မြစ်ကြီးနားကြား လမ်းကြေးကောက်တာ ပိုဆိုးလာပြီး ပျူစောထီးက မြင်းမူ တမြို့တည်းကို ၃ သိန်းပေးရတဲ့ဂိတ် ၆ ဂိတ် လောက်ရှိပြီး ထီးဆောင်းနဲ့ အလ္လကပ္ပ ကြားမှာလည်း ၃ သိန်းကနေ ၅ သိန်း အထိပေးရတဲ့ ဂိတ် ၅ ဂိတ် လောက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မန္တလေးကနေ မြစ်ကြီးနားကို ကုန်စုံ တရားဝင်အခွန်ဆောင်ပြီးသားကားလည်း လမ်းကြေး သိန်း ၁၆၀ ဝန်းကျင်ကုန်ကျပြီး မြစ်ကြီးနားကနေ မန္တလေးအဆင်း သံတိုသံစ တရားဝင်အခွန်ဆောင်ပြီးသား စာရွက်စာတမ်းတွေပါရင်လည်း လမ်းကြေး သိန်း ၁၀၀ ကျော် ကုန်ကျတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
ယာဉ်မောင်းတယောက်က “ရွှေဘိုကနေ မန္တလေးအရောက်ကို ဒေသခံကားအနေနဲ့ သွားရင်တောင်မှ ဂိတ်တွေရှင်းလိုက်တာဟာ သိန်း ၃ဝ ကျော်ကုန်တယ်” လို့ ပြောပါတယ်။
ရန်ကုန်ကနေ ရွှေဘိုအထိ မြေဩဇာအိတ်တွေတင်ပြီးပြန်တယ်ဆိုရင် စာရွက်စာတမ်း၊ ထောက်ခံစာ အားလုံးပါတာကို ၂ သိန်းတို့၊ ၃ သိန်း တောင်းနေတာကြောင့် လမ်းကြေး ၃၇ သိန်းလောက် ကုန်တယ်လို့ သူက ပြောပါတယ်။
လမ်းကြေးကို ပါးစပ်ထဲရှိသလို သိန်းချီတောင်းနေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဂိတ်တွေကို ဂိတ်ကြေးလျှော့ကောက်ဖို့ ပြောစေချင်တယ်လို့ ကုန်သည်၊ ယာဉ်မောင်းတွေက ပြောပါတယ်။
ယာဉ်ပိုင်ရှင်တယောက်က “အဓိက ကတော့ စားသုံးသူတွေ ဈေးကြီးကြီးနဲ့ဝယ်ရမယ်။ နောက်တခါ ကားသမားရယ်၊ ယာဉ်ပိုင်ရှင်ရယ် အလကားလုပ်ရသလိုဖြစ်တာပေါ့။ သေရေးရှင်ရေးနဲ့ သွားပြီးတော့မှ (အသက်အန္တရာယ်ကြားကနေ သွားပြီးတော့မှ) ဘာမှ အကျိုးခံစားခွင့်မရှိဘူး။ ကျနော်တို့ ပြီးခဲ့တဲ့ အခေါက်ဆို ရှုံးတောင်ရှုံးတယ်” လို့ ပြောပါတယ်။
လမ်းကြေးများလို့ မကိုက်တာနဲ့ လမ်းကြောင်းအဆင်မပြေတာကြောင့် ယာဉ်မောင်းတချို့လည်း ရပ်နားနေကြရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။


