
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီကိုဝင်ရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးမယ်လို့ ပြောဆိုပြီး လူငယ်တွေကို စည်းရုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီခန့် လက်ရှိဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း ဦးဆောင်မဲဆွယ်နေတာဖြစ်ပြီး သူဟာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဦးအာကာလင်းက ရွာထဲထိလာပြီး လူကြီးတွေကို အရင်လာစည်းရုံးတယ်။ ရွာထဲက မိဘတွေကတော့ သူတို့သား၊ သမီး စစ်မှုထမ်းရမှာစိုးလို့ ဝင်ခိုင်းတာ များတယ်” လို့ပြောပါတယ်။
ပင်းတယတောင်ပိုင်း ပွေးလှ၊ စံသိန်းကုန်း၊ ကျားခေါင်း၊ ဝါးတရာ၊ ဝါးပင်၊ ရွှေပုထိုး စတဲ့ ကျေးရွာအုပ်စုတို့မှာ ဒီရက်ပိုင်း ရွာစဉ်လှည့်စည်းရုံးနေတာလို့ သိရပါတယ်။
ဒေသခံတယောက်က “တရွာဝင် တရွာထွက်ပြီး လာစည်းရုံးတယ်။ တကယ်လို့ သူတို့ပါတီဝင်ရင် စစ်မှုမထမ်းရဘူး ကင်းလွတ်ခွင့်ရမယ်ဆိုပြီး ပြောတယ်။ တကယ်လည်း မဟုတ်ဘူး။ ရွှေပုထိုးရွာက နှစ်ယောက် ဆိုရင် ပါတီလည်းဝင်ထားပြီး သူတို့အလှည့်ကျလို့ ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းပဲ လာခေါ်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ နိုင်ငံရေးပါတီတခုခုကို ဝင်ရောက်ထားသူတွေ စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့်ပြုတယ် ဆိုတာမျိုး မပါပါဘူး။
အခုလို စည်းရုံးတာဟာ ပြည်သူတွေ စိုးရိမ်နေတာကို အခွင့်ကောင်းယူပြီး ပါတီအင်အား တိုးချဲ့တာပဲ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။


