Home
မြန်မာသတင်း
ပဲခူးတိုင်းဝန်ကြီးချုပ်က ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရန် ဝန်ထမ်းများကို စည်းရုံးခိုင်းနေ 
DVB
·
November 5, 2025

ပဲခူးတိုင်း ဖွံ့ဖြိုးတိုးတက်ချင်ပါက ကြံခိုင်ရေးပါတီကိုသာ ရွေးချယ်မဲပေးရေး စည်းရုံးကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာ ၃ ရက်က ပြုလုပ်တဲ့ ရုံးပိုင်းဆိုင်ရာအစည်းအဝေးမှာ ပြောတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ နိုဝင်ဘာ ၃ ရက်က ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအတွင် ဝန်ထမ်းများ ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးဖို့ မိမိတာဝန်ကျရာ နေရာတွေမှာ စည်းရုံးသွားဖို့ ပြောဆိုတာလို့ Non CDM ထွေအုပ်ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“အစိုးရ ဘတ်ဂျက်နဲ့လုပ်တဲ့ ပွဲတိုင်းလည်း ပါတီရင်ထိုးတပ်ပြီး လာတယ်။ သူကိုယ်တိုင်လည်း ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်မှာ၊ ပဲခူးမြို့နယ် ကောင်းဖို့အတွက်ဆိုပြီး စည်းရုံးတယ်။ ၃ ရက်နေ့က တိုင်းရုံးမှာ အစည်းအဝေးလုပ်တော့ သမိုင်းရှိတဲ့ပါတီကို မဲပေးရမယ်၊ ဝန်ထမ်းတွေကလည်း ဒီလို ပါတီတွေ အောင်နိုင်ရေးအတွက် စည်းရုံးပေးရမယ်လို့ ပြောတယ်။ ဘယ်ပါတီလဲ မေးတော့ ပြည်ခိုင်ဖြိုးပါတီတဲ့။ အကြီးတန်းစာရေးတယောက်က ကြိုက်တဲ့ပါတီ မဲပေးလို့ မရဘူးလား မေးတော့ ဘာမှပြန်မပြောဘဲ နောက်ရက် ပိုက်ဆံရတဲ့ ယစ်မျိုးဌာနကနေ စာဝင်စာထွက် နေရာကို ပြောင်းပစ်လိုက်တယ်။” 

ကြံ့ခိုင်ရေးပါတီကနေ ပဲခူးမြိုနယ် မဲဆန္ဒနယ်အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရသူ အကုန်ယူ FPTP စနစ်က ဝင်ပြိုင်မယ့် ဝန်ကြီးချုပ်တယောက်အနေနဲ့ အခုလို ဖိအားပေးပြောဆိုတာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ Non CDM ဝန်ထမ်းတယောက်က ဝေဖန်ပြောဆိုပါတယ်။

“ဝန်ကြီးချုပ်က ပဲခူးမှာ ရှုံးမှာစိုးရိမ်နေတယ်။ နိုင်ငံတော်ဘက်ဂျက်နဲ့လုပ်ပေးတဲ့ ကိစွမှန်သမျှ ပြည်ခိုင်ဖြိုးပါတီက လုပ်ပေးတဲ့ပုံစံ မြင်အောင် လုပ်တယ်။ ပဲခူးမှာ FPTP. အတွက် ၇ ယောက် ဝင်ပြိုင်မှာဆိုတော့ သူတယောက်ပဲနိုင်ချင်တာ။ ဒါပေမဲ့ ဝန်ထမ်းတွေကိုပါ မဲဆွယ်စည်းရုံးတာ တရားဥပဒေနဲ့ညီလားလို့ မေးချင်တာ။” 

ပဲခူးမြိုနယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် FPTP စနစ်မှာ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနဲ့အတူ ဦးဇွဲမြတ် (ပြည်သူ့ရှေဆောင်ပါတီ)၊ ဦးတင်ထွန်း (မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဦးလူအေး (ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)၊ ဦးသက်ကျော်ဆန်း (ပြည်သူ့ပါတီ)၊ ဦးကျော်သူ (ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ)၊ ဒေါ် သိန်းသိန်းအေး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ ဝင်ပြိုင်မှာဖြစ်ပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာ အရင်က ဒုရဲချုပ် ၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ဝန်ကြီးချုပ်အဖြစ် ခန့်ခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013