
ဒုတိယအကြိမ် ထုတ်ပြန်ထားတဲ့ မဲစာရင်းကို လာကြည့်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်နဲ့လိုက်အော် အသိပေးနေပေမဲ့ ပြည်သူအများစုက သွားမကြည့်ကြဘူးလို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။
စစ်အုပ်စုကလုပ်မဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းကို စစ်ဆေးကြည့်ဖို့ နေ့တိုင်း လိုက်အော်အသိပေးနေပေမဲ့ ပြည်သူအများစုက မဲစာရင်းကို စိတ်မဝင်စားရုံမက မဲပေးဖို့အတွက်ပါ ဆန္ဒမရှိကြဘူးလို့ သင်္ဃန်းမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“ရပ်ကွက်ရုံးက လူတွေကလွဲရင် မဲစာရင်းကပ်ထားတဲ့နေရာမှာ ဘယ်သူမှမရှိဘူး။ မဲစာရင်းကြည့်ဖို့ လိုက်အော်တာတောင် သေသေချာချာ ရပ်အော်တာမဟုတ်ဘူး။ ကြောက်ကြောက်လန့်လန့်၊ အပြေးအလွှားနဲ့။”
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် မဲစာရင်းဆိုပြီး ထုတ်ပြန်ပေမဲ့ အရင်စာရင်းအတိုင်း အပြောင်းအလဲရှိမနေဘူးလို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ဒီလူစာရင်းအတိုင်းပဲပြန်ကျတာ။ ဘာမှပြင်ဆင်ထားတာမရှိဘူး။ မြို့နယ်က ရော့ဒါကပ်ဆိုပြီး ပေးလို့ ကပ်ပေးလိုက်တာပဲရှိတယ်။ ဒါကလည်း မဲစာရင်းမပါလို့၊ မှားနေလို့ဆိုပြီး လာပြောတဲ့သူ မရှိလို့လည်းဖြစ်မယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ပထမအကြိမ်မဲစာရင်းကို အောက်တိုဘာမှာ ၂၁ ရက်ကြာအသိပေးခဲ့ပြီး ပြည်သူအများစု သွားမကြည့်တဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်မိသားစုတွေ၊ စစ်တပ်ထောက်ခံသူတွေကိုခေါ်ကာ ဓာတ်ပုံရိုက်ပြီး လိမ်ညာဝါဒဖြန့်တာတွေ လုပ်ခဲ့တာရှိပါတယ်။
အခု ဒုတိယအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းနဲ့ပတ်သက်လို့လည်း ပြည်သူအများစုက စိတ်ဝင်စားမူရှိမနေပေမဲ့ ၁၄ ရက်ကြာ အသိပေးထားမှာဖြစ်ပြီး မိသားစုတစုမှာ အနည်းဆုံးတယောက် ကြည့်ဖို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။


