
တရုတ်တနိုင်ငံတည်း မူဝါဒအပေါ် ထောက်ခံရပ်တည်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၁ ရက် နိုင်ငံပိုင်မီဒီယာကနေ ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အပေါ် တရုတ်ကို အားထားနေရတဲ့ စစ်ကောင်စီက အခုလို ပြောကြားလိုက်တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်မှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေ စေလွှတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံရဲ့ သဘောထားရပ်တည်ချက်ကတော့ နံပါတ်တစ် မြန်မာနိုင်ငံအစိုးရဟာ တရုတ်နိုင်ငံရဲ့ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက် ရှိပါတယ်။ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) အပေါ် မြန်မာနိုင်ငံက ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိကြောင်းကို မြန်မာနိုင်ငံယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံရချိန်တိုင်းမှာ ထပ်လောင်းအတည်ပြုခိုင်မာစွာ ပြောကြားခဲ့ပါတယ်” လို့ ပြောပါတယ်။
တရုတ်နဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်တဲ့အတွက် မဟာဗျူဟာမိတ်ဖက် နိုင်ငံတွေနဲ့ အေးအတူပူ အမျှအသိုက်အဝန်းကို တည်ဆောက်နေတဲ့နိုင်ငံတွေဖြစ်လို့ ဒီအချက်အပေါ်မှာ မြန်မာနိုင်ငံက အလေးထားတယ်လို့လည်း ဆိုပါတယ်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ပါအတိုင်း တရုတ်နိုင်ငံရဲ့ နယ်မြေတည်တံ့မှုနဲ့ အချုပ်အခြာအာ ဏာအပေါ် ကာကွယ်တာကို မြန်မာနိုင်ငံက အမြဲထောက်ခံရပ်တည်နေတယ်လို့ ပြောပါသေးတယ်။


