
နိုင်ငံခြားကို ပဲတွေတင်ပို့ပြီးနောက် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ကျော် ပေးသွင်းဖို့ ကျန်နေတယ်ဆိုပြီး ကုန်သည် ၈ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် ပြန်ကြားရေးဌာန နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်၊ ဗဟန်းမြို့နယ်က ပုလဲကွန်ဒိုမှာ ရုံးခန်းဖွင့်ထားတဲ့ Maha Nadi International Co.,Ltd. က ဒါရိုက်တာတွေဖြစ်တဲ့ ဦးရဲမင်းလွင်၊ ဒေါ်ကွန်သီ၊ ဒေါ်ဖြူဖြူဇင်၊ ဒေါ်မြင့်မြင့်လှိုင်နဲ့ ဒေါ်ခင်စန်းသီတို့ဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပကို အမေရိကန်ဒေါ်လာ ၄၂ သန်း ကျော်တန်ဖိုးရှိတဲ့ မတ်ပဲများတင်ပို့ခဲ့ပေမဲ့ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ပြန်လည်ပေးသွင်းဖို့ ကျန်နေတယ်လို့ ဆိုပါတယ်။
ပြီးတော့ ဦးဟင်နရီခင်မောင်နဲ့ ဒေါ်ဖြူဖြူဇင် တို့နာမည်နဲ့တည်ထောင်ထားတဲ့ RK Shipping and Trading Co.,Ltd. ဟာလည်း ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော်တန်ဖိုးရှိတဲ့ မတ်ပဲတွေတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ သန်းကျော်ကို မပေးသွင်းခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဦးဟင်နရီခင်မောင်ဟာ သားဖြစ်သူ ဦးရဲမင်းလွင်နဲ့ ခင်မင်ရင်းနှီးတဲ့ ဦးဗိုဗိုသန့်ရဲ့ Taw Thar Gyi Co.,Ltd. နဲ့ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပကို အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးတဲ့ မတ်ပဲနဲ့ ပဲစင်းငုံတွေတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းကျော် ပေးသွင်းဖို့ ကျန်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဦးရဲမင်းလွင်ဟာလည်း Ocean Lion King Co.,Ltd. အမည်နဲ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် တန်ဖိုးရှိတဲ့ မတ်ပဲတွေတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေတွေ ပြန်မသွင်းဘူးလို့ ဆိုပါတယ်။
ပြီးတော့ ဦးရဲမင်းလွင်ဟာ ပို့ကုန်ရငွေတွေ ပြန်မသွင်းတာကြောင့် သူ့ရဲ့ ကုမ္ပဏီတွေကို ပို့ကုန်/သွင်းကုန် လိုင်စင်ပိတ်သိမ်းခံရတဲ့အပေါ်မကျေနပ်လို့ ပဲမျိုးစုံရောင်းဝယ်တဲ့ ကုန်သည်ပွဲစားတွေ၊ တောင်သူတွေရှိတဲ့ Online Pulses Myanmar Association ဆိုတဲ့ Viber Group မှာ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်းတာဝန်ရှိသူတွေကို ဆဲဆိုတာ၊ အသက်အန္တရာယ် ခြိမ်းခြောက်တာတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဒေါ်မြင့်မြင့်လှိုင်၊ ဒေါ်ခင်စန်းသီ၊ ဦးဟင်နရီခင်မောင်နဲ့ ဦးဗိုဗိုသန့် တို့ကို ဖမ်းမိထားပြီး ကျန်တဲ့သူတွေ တိမ်းရှောင်နေသလို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်း အရေးယူမယ်လို့ ဆိုပါတယ်။
နောက်ထပ်လည်း ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းဖို့ပျက်ကွက်တဲ့ တခြားကုမ္ပဏီများကို ဆက်လက်ဖော်ထုတ်အရေးယူဦးမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


