
အမေရိကန်အစိုးရက မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာရှိတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းလိုက်တာဟာ ကျားဖြန့်နှိမ်နင်းရေးထက် လျှို့ဝှက်ရည်ရွယ်ချက်တခု ရှိနိုင်တယ်ဆိုပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဩဇာခံ သတင်းမီဒီယာတွေကနေတဆင့် ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force Burma အဖွဲ့ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံမှာရှိတဲ့ ကျားဖြန့်စင်တာ ၂ ခုကို စစ်ဆင်ရေး ပြုလုပ်ခဲ့တယ်လို့ သိရှိရကြောင်း၊ မြန်မာနိုင်ငံရှိတဲ့ KK Park လိုမျိုး လိမ်လည်မှုနေရာတွေကို တိုက်ဖျက်ဖို့အတွက် Royal Thai Police War Room Task Force နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဘန်ကောက်ကို FBI Agent တွေ စေလွှတ်ထားတယ်လို့ သိရှိရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနကပြောတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေး ဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တခု ရှိနေနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ရရှိပါတယ်။”
ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ကို အမေရိကန်အစိုးရက ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်က ကြေညာခဲ့တာဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းရေးအတွက် ဦးတည်ဖွဲ့စည်းထားတာ ဖြစ်သလို ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသတွင်း အစိုးရလုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်တဲ့ အဆောက်အအုံတွေကို စစ်တပ်က ဖောက်ခွဲဖျက်ဆီးနေတာမှာ နိုဝင်ဘာ ၉ ရက်က ထိုင်းနိုင်ငံဘက်ခြမ်း၊ မဲဆောက်မြို့နယ်ရှိ မဲ့ကုကျေးရွာနေ ထိုင်းရွာသားတွေရဲ့ နေအိမ် ၆ လုံး ထိခိုက်ခဲ့ပါတယ်။
ကျားဖြန့်နှိမ်နင်းရေးအဖြစ် KK Park ထဲက အဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ထိုင်းပိုင်နက်ထဲကို အစအနတွေ ထိမှန်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာမှာ ထိုင်းနယ်ခြားကော်မတီ (TBC) က မြန်မာအာဏာပိုင်တွေကို ကန့်ကွက်စာ ပေးပို့ခဲ့ပါသေးတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ထုတ်ပြန်ပြောဆိုချက်မှာတော့ ဖောက်ခွဲ ဖြိုဖျက်မှုတွေဟာ အနီးအနားမှာရှိတဲ့ သစ်ပင်တောင် မလှုပ်တာကြောင့် ထိုင်းနိုင်ငံထဲကို ဖြိုဖျက်ထားတဲ့ အစအနတွေ မကျဘူးလို့ ဆိုပါတယ်။
မြဝတီမှာ အွန်လိုင်းလောင်းကစား လုပ်ဆောင်နေတဲ့ နယ်မြေ ၃ ခုရှိပြီး မြဝတီမြို့တောင်ဘက်ရှိ KK Park၊ မြောက်ဘက်ရှိ ရွှေကုက္ကိုနဲ့ တောင်ဘက်စွန်းရှိ ကျောက်ခက်ဒေသတို့ ဖြစ်သလို KK Park နယ်မြေကို ရှင်းလင်းရေးလုပ်နေကြောင်းနဲ့ နိုဝင်ဘာ ၁၈ ရက်က ရွှေကုက္ကိုက အဆောက်အအုံ ၃ လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ နိုင်ငံခြားသား ၃၄၆ ယောက် ဖမ်းမိရရှိသလို ဖုန်းအလုံးရေ ၁၀,၀၀၀ နီးပါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခဲ့ကြောင်း၊ တဖက်နိုင်ငံကို ထွက်ပြေးမယ့်သူတွေကိုလည်း ပိတ်ဆို့ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ အနေနဲ့လည်း အရှေ့မြောက်ဒေသ လောက်ကိုင်က အွန်လိုင်း လောင်းကစားမှု လိမ်လည်မှုတွေကို နှိမ်နင်းဖို့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု Task Force ကို ဖွဲ့စည်းပြီး လက်ရှိအချိန်ထိ ဆက်လက်လုပ်ဆောင်နေပြီးတော့ မြဝတီဒေသမှာ မြန်မာ-ထိုင်း-တရုတ် ၃ နိုင်ငံ ၃ ပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Trilateral Cooperation) ကို ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။


