
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ထဲမှာ အခုနှစ် ဧပြီလကနေ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ကျော်သေဆုံး၊ ၉ ယောက် အရှင်ဖမ်းမိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ယောက်လည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကန့်ဘလူခရိုင်ထဲမှာ အခုနှစ် ဧပြီလထဲကနေ စက်တင်ဘာလထဲဆိုတော့ ၆ လတာ ကာလအတွင်းမှာ ရန်သူဘက်နဲ့ ထိတွေတိုက်ပွဲပေါင်း အကြိမ်ရေ ၂၁၈ ကြိမ်အထိဖြစ်ပွားခဲ့တယ်။ တိုက်ပွဲတွေအတွင်းမှာ ရန်သူ့ဘက်က ၃၂ ယောက်သေပြီးတော့ ၇၀ နီးပါးလောက်ဒဏ်ရာရတယ်။ သုံ့ပန်းအဖြစ် အရှင်ဖမ်းမိသူတွေကတော့ ၉ ယောက်ရှိတယ်။ တိုက်ပွဲတွေအတွင်းမှာ ရန်သူ့လက်ချက်နဲ့ အပြစ်မဲ့ပြည်သူ ၉ ယောက်သေဆုံးခဲ့ပြီးတော့ ၃၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်။ လူနေအိမ်ရာချီပြီး မီးရှို့ဖျက်ဆီးခံရတယ်။ အဲဒါတွေကတော့ စုဆောင်းရသမျှလေးတွေကို စုပေါင်းပြီး မှတ်တမ်းတင်ထားတဲ့ အရေအတွက်ပါ။ အသေးစိတ်တော့ မဟုတ်ပါဘူး။ မြေပြင်မှာတော့ ပိုများနိုင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကန့်ဘလူခရိုင်အတွင်းမှာ နေ့တိုင်းဆိုသလို လေကြောင်းတိုက်ခိုက်နေလို့ အဲဒါကိုလည်း မှတ်တမ်းလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော် ၈ ယောက် တိုင်းပြည်နဲ့ပြည်သူအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သလို ရဲဘော်အယောက် ၂၀ နီးပါးဟာလည်း တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်တယောက်က “ကန့်ဘလူခရိုင်ထဲမှာက အခုထိလည်း ရန်သူ့ဘက်ကစစ်ကြောင်းတွေရှိနေသေးလို့ တိုက်ပွဲဖြစ်နေတာတွေရှိသလို စစ်ရေးအခြေအနေတင်းမာနေတဲ့နေရာတွေလည်းရှိတယ်။ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ် ၂ ခုထဲမှာကို ပျူအင်အား ၃၀၀၀ ကျော်ရှိပြီးတော့ စစ်တပ်နဲ့ပျူတွေပေါင်းထိုင်နေတဲ့ အထိုင်စခန်း ၆၀ ကျော်ရှိနေသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ ကန့်ဘလူမြို့နယ်ထဲက ဘူးကုန်းနဲ့ စံပါယ်နံ့သာဂိတ်တို့မှာအထိုင်ချပြီး ခရီးသွားပြည်သူတွေကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၈ ရက်နေ့အတွင်း စစ်ကောင်စီလက်အောက်ခံတွေ အထိုင်ချတပ်စွဲထားတဲ့ ဘူးကုန်းဂိတ်စခန်းမှာ အဓမ္မပေါ်တာဆွဲပြီး ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် အမျိုးသား ၄ ယောက်ဟာ အချုပ်ထောင်ဖောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ထွက်ပြေးခိုလှုံခဲ့ကြပါသေးတယ်။
ကန့်ဘလူမြို့နယ်အတွင်းရောက်ရှိနေကြတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာ ကျောက်တိုင်ကျေးရွာနဲ့ ရေကြည်ဦးကျေးရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြပြီး စစ်ကြောင်းတွေရှိနေသေးတဲ့အတွက် မီးလောင်ပျက်စီးတဲ့ အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ဆီကနေ သိရပါတယ်။


