
မြန်မာ-ထိုင်းနယ်စပ်၊ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ၊ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက မောတောင်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ဂိတ်တွေကို နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ တိုက်ခိုက်ခဲ့ပြီးနောက် ဒီနေ့မနက်မှာ သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်တာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တနင်္သာရီတိုင်းစစ်ဌာနရဲ့ ကွပ်ကွဲရေးမှူး ရဲဘော်စတားက “အတည်ပြုနိုင်ပါပြီ။ အသေးစိတ်ကိုတော့ တော်လှန်ရေးပူးပေါင်းတပ်ကနေ သတင်းထုတ်ပြန်ပါလိမ့်မယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က Y12 လေယာဥ်တွေ အသုံးပြုပြီး ဗုံးကြဲချတာကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်တွေနဲ့ ထိုင်းနိုင်ငံရောက် ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဒီနေ့မှာလည်း လေယာဥ်က တောက်လျှောက်ဝဲနေတယ်။ အရင်ရက် တိုက်ပွဲတွေတုန်းက မောတောင်မြို့ထဲမှာ ထိခိုက်သေဆုံးသူတွေလည်း ရှိတယ်။ အလောင်းဝင်ကောက်လို့ မရသေးဘူး။ စစ်သားတွေက ထိုင်းဘက်ခိုလှုံသွားပြီလို့ ကြားရတယ်” လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်မျဥ်းနဲ့ ဥယျာဥ်ခြံမြေတွေမှာ စစ်ဘေးရှောင် ၂,၀၀၀ ကျော် ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။


