
ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းမှာရှိတဲ့ ဧရာဝတီရေတပ်စခန်းဌာနချုပ်က ရေတပ်သား ၃ ယောက်ဟာ ရခိုင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာကို လိုက်ရမှာစိုးရိမ်လို့ နိုဝင်ဘာ ၂၀ ရက် ညနေက ထွက်ပြေးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စစ်ကောင်စီတပ်သား ၃ ယောက် ထွက်ပြေးသွားလို့ အဲ့ဒီနေ့ ညမှာပင် မြို့အတွင်း စစ်ကောင်စီတပ်က လိုက်လံရှာဖွေခဲ့တယ်လို့ ရေတပ်နဲ့ နီးစပ်တဲ့ဒေသခံ တယောက်က ပြောပါတယ်။
"သန်လျက်စွန်း ရေတပ်စခန်းက စစ်သားတွေ ထွက်ပြေးသွားလို့ စစ်တပ်က မြို့နယ်ကို အကူအညီ တောင်းပြီး ဗိုလ်တထောင်ကြောနဲ့ မြို့ထဲမှာ လှည့်ကင်းကားနဲ့ ပတ်ပြီးလိုက်ရှာတာ၊ တွေ့လား မတွေ့လားတော့မသိဘူး။”
ရေတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်သား ၃ ယောက်ကတော့ ကျော်စိုးဝင်း၊ ထက်အောင်လင်းနဲ့ ဝေယံဦးတို့ဖြစ်ပြီး စစ်လက်နက်တွေတော့ ယူဆောင်သွားတာမရှိဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"သန်လျက်စွန်း ရေတပ်မ ထိန်းသိမ်းရေးတပ်က တယောက်၊ ပင်မဆက်သွယ်ရေးတပ်က ၂ ယောက်၊ အားလုံးပေါင်း ၃ ယောက် လက်နက်တော့မပါဘူး။ ဒါတောင် အုပ်ချုပ်ရေးကသိလို့၊ မသိဘဲ ထွက်ပြေးနေတဲ့သူတွေ ဘယ်လောက်များရှိလဲ မသိဘူး။ ရခိုင်ကို ရှေ့တန်းပို့မယ်ဆိုတာနဲ့ ထွက်ပြေးတာများတယ်။”
၂၀၂၄ ခုနှစ် ဇွန်လကတည်းက ဧရာဝတီရေတပ်စခန်းမှ ရခိုင်ပြည်နယ်ရှိ ရှေတန်းစစ်မြေပြင်ကို စစ်ကူစေလွှတ်ရာမှာ ခွဲခြားမှုတွေရှိနေလို့ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းကို ဝေဖန်တာတွေ ရှိနေပါတယ်။
ရခိုင်ရှေ့တန်းစစ်မျက်နှာအတွက် ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ ရေတပ်စခန်းက အရာရှိ စစ်သည်တွေကို ပို့ဆောင်နေပေမဲ့ ရှေ့တန်းမလိုက်ချင်တဲ့ အရာရှိ၊ စစ်သည်တွေက ရတဲ့နည်းနဲ့ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။


