
စစ်အင်အား ဖြည့်ဖို့ထွက်ရန် ပြင်ဆင်နေချိန် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် အခြေစိုက် ခလရ ၃၆ တပ်ကနေ စစ်ကောင်စီတပ်သား ၆ ယောက် သြဂုတ် ၃ ရက်က ထွက်ပြေးသွားတယ်လို့ ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။
ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူက “ည ၈ နာရီကျော်ကျော်လောက်က ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့ တပ်သားတွေကို ဒီနေ့မနက်ကတည်းက အသည်းအသန် လိုက်ရှာနေတယ်။ အစောင့်တပ် အရာရှိတွေက အရက်မူးနေတာကို” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် အရာရှိတွေ ဦးဆောင်ကာ လေးမျက်နှာမြို့နယ်ထဲကို စစ်ကူသွားဖို့ စစ်သုံး ဖောကား ၄ စီးနဲ့ ပြင်ဆင်နေချိန် ထွက်ပြေးသွားတာဖြစ်ပြီး သြဂုတ် ၄ ရက် နေ့လယ်ပိုင်းအထိ ပြန်လည်ဖမ်းမိတာ မရှိဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “ဒီဘက်လာရှာသေးတယ်။ ထွက်ပြေးစစ်သား ရှိလို့ လိုက်ရှာတာ။ စစ်သားလို့ထင်ရင် မသင်္ကာတာတွေ့ရှိရင် အုပ်ချုပ်ရေးမှူးတွေဆီ အကြောင်းကြားပေးဖို့ စစ်သားတွေက ဆိုင်ကယ်နဲ့လာပြီး ပြောသွားတာ။ ဝှက်ပေးထားရင် အရေးယူခံရမယ်လို့ ခြိမ်းခြောက်သေးတာ။ အခုပြေးတဲ့ စစ်သားတွေက စစ်မှုထမ်းလူငယ်တွေ ဖြစ်ဖို့များတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့ ကျုံပျော်တပ်နဲ့ ပတ်ဝန်းကျင်ရွာတွေမှာ အပူတပြင်း လိုက်လံရှာဖွေတာတွေ လုပ်နေတဲ့အပြင် စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။