
ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့နဲ့ အဓိကစက်မှုလုပ်ငန်း ဗဟိုချက်ဖြစ်တဲ့ ဖှိုင်ရှားလဘဒ်ခရိုင်မှာ နိုဝင်ဘာ ၂၁ ရက်က ဓာတုဗေဒစက်ရုံတရုံ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အရေးပေါ်ဝန်ဆောင်မှု အဖွဲ့တွေက ပြောပါတယ်။
ဒေသခံ အူစ်မန်ဆာဒစ်ခ်က “မနက် ၅ နာရီလောက်မှာ ဖှိုင်ရှားလဘဒ်က မာလစ်ပူရ်မှာ ဓာတုဗေဒစက်ရုံတရုံကနေ ဘွိုင်လာပေါက်ကွဲသံကို တမြို့လုံး ကြားရလောက်အောင် ကျယ်လောင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှု ပြင်းထန်ပါတယ်။ အနီးအနားက အိမ်တွေ လုံးဝနီးပါး ပျက်စီးသွားပြီး အိမ်တချို့ရဲ့ အမိုးတွေလည်း ပြိုကျခဲ့ပါတယ်။ အခုချိန်ထိ သေဆုံးသူ ၁၅ ယောက်ရှိတယ်လို့ သတင်းတွေ ကြားရပါတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ရုံအဆောက်အအုံ ပြိုကျပြီး အနီးနားရှိ အိမ်အတော်များများလည်း ပျက်စီးသွားခဲ့ကာ အပျက်အစီးတွေအောက်မှာလည်း လူအများအပြား ပိတ်မိခဲ့ပါတယ်။
ပန်ဂျပ်ဘ် ကယ်ဆယ်ရေးအရာရှိတွေက ဒီပေါက်ကွဲမှုဟာ စက်ရုံအတွင်းရှိ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ ပြောကြားခဲ့ပြီး အောင်းနေတဲ့ ဓာတ်ငွေ့အစုဟာ မီးပွား သို့မဟုတ် အပူတခုခုကြောင့် စတင်လောင်ကျွမ်းကာ ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ အဆောက်အအုံပြိုကျမှု ဖြစ်သွားရတာလို့ ပြောကြားခဲ့ပါတယ်။
Source: Reuters


