
အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့အကြား အပစ်အခတ်ရပ်စဲရေးကို ဆက်လုပ်ဆောင်နေပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ဒ်က နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်က ပါကစ္စတန်ရဲ့ ပြည်တွင်းလုံခြုံရေးအတွက် တာဝန်ယူပေးရမယ် ဆိုတဲ့ ပါကစ္စတန်အစိုးရဲ့ အခိုင်အမာ ပြောဆိုချက်ကြောင့် ဆွေးနွေးပွဲတွေ မအောင်မြင်ခဲ့ကြောင်းနဲ့ အဲဒီတောင်းဆိုချက်ဟာ အာဖဂန်နစ္စတန်ရဲ့ ဆောင်ရွက်နိုင်စွမ်းထက် ကျော်လွန်နေတယ်လို့ ဇာဘီဟူလာ မူဂျာဟစ်ဒ်က ပြောပါတယ်။
“ကျနော်တို့ဟာ ချမှတ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အခုထိ ချိုးဖောက်တာမျိုး မရှိသေးဘဲ ဆက်လက်လိုက်နာသွားမှာပါ။”
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အကြား နယ်စပ်ပဋိပက္ခတွေဟာ အောက်တိုဘာလ အစောပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
အစ္စတန်ဘူလ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေအတွင်း ပါကစ္စတန်နဲ့ အာဖဂန် ၂ နိုင်ငံတို့ဟာ အောက်တိုဘာ ၁၉ ရက်မှာ စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၃၀ ရက်မှာ သက်တမ်းတိုးဖို့ သဘောတူခဲ့ပါတယ်။
တာလီဘန်တွေ ကဘူးလ်မြို့ကို သိမ်းပိုက်ခဲ့ချိန် ၂၀၂၁ ခုနှစ်ကတည်းက အပြင်းထန်ဆုံး စစ်ရေးပဋိပက္ခဖြစ်ပြီး ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ကာ အာဖဂန် ဖက်ကလည်း လက်တုံ့ပြန် ပစ်ခတ်မှုတွေ လုပ်ဆောင်ပြီး ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုတဲ့ အဓိက နယ်စပ်ဖြတ်ကျော်ဂိတ်တွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
ပါကစ္စတန်-တာလီဘန် စစ်သွေးကြွတွေအပေါ် ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂ နိုင်ငံကြား တင်းမာမှုတွေက ပိုမိုဆိုးရွားလာခဲ့ပြီး ဒါကို အာဖဂန်နစ္စတန်က သူ့ရဲ့အချုပ်အခြာ အာဏာကို ချိုးဖောက်တယ်လို့ ဆိုထားပါတယ်။
အဲဒီစစ်သွေးကြွအဖွဲ့ကို အာဖဂန်နစ္စတန်က ခိုလှုံခွင့်ပေးထားတယ်လို့ ပါကစ္စတန်က စွပ်စွဲထားပေမဲ့ ကဘူးလ်က ငြင်းဆိုထားပါတယ်။
မိုင်ပေါင်း ၁၆၀၀ လောက် ရှည်လျားနေတဲ့ နှစ်နိုင်ငံကြား နယ်ခြားမျဉ်းဟာ စစ်သွေးကြွတွေရဲ့ ခိုလှုံရာနေရာတွေနဲ့ ပတ်သက်ပြီး မကြာခဏ ပစ်ခတ်မှုတွေနဲ့ စွပ်စွဲချက်တွေနဲ့အတူ နှစ်ပေါင်းကြာရှည် ပဋိပက္ခတွေရဲ့ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။
Source: Reuters


