
တော်လှန်ရေးတပ်ဖွဲ့တွေပိုင်ဆိုင်တဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းတွေကို တရားမဝင် ထုတ်ယူသွားတဲ့ အရာရှိ ၂ ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF )က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
MDY-PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ၂ ယောက်ဖြစ်တဲ့ စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်းနဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ကိုနိုင်ကြီးတို့ဟာ ကာလတန်ဖိုးကြီးမားတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို တပ်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့တာလို့ ဆိုပါတယ်။
ယူဆောင်သွားတဲ့ပစ္စည်းတွေကို တပ်ဆီကို ပြန်လည်အပ်နှံရမှာ ဖြစ်ကြောင်းနဲ့ ပြစ်မှုအတွက် တပ်က ပေးအပ်တဲ့ ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကို ၂၀၂၅ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေမှာ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘဏ္ဍာပစ္စည်းတွေကိုတပ်ထံ ပြန်လည်အပ်နှံတာ မရှိသလို အဲ့ဒီအတွက် ဖြေရှင်းမှု ဘာမှမရှိတဲ့အတွက် သူတို့ ၂ ယောက်ကို လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းတာနဲ့ လက်နက်ဖြုတ်သိမ်းပြီး အချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
သူတို့ဟာ တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့အပြင် ပြစ်မှုရဲ့ သဘောသဘာဝအရ ဒီအမှုကို သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုနဲ့ ဆောင်ရွက်ဖို့ မသင့်တာကြောင့် အထက်ရုံးဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က အမှုတွဲဖြစ်စဉ်ကို လိုအပ်သလို ဆုံးဖြတ် ဆောင်ရွက်နိုင်ရန် သတင်းပို့တင်ပြထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူခံထားရတဲ့ PDF အရာရှိ ၂ ယောက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။


