
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာလို့ ဒေသခံတွေဟာ အရေးပေါ် စစ်ဘေးတိမ်းရှောင်ကြရင်း မိသားစုဝင် ပျောက်ဆုံးနေသူတွေ၊ တကွဲတပြားစီ ကွဲကွာနေကြရသူတွေလည်း ရှိလာနေပြီး မိသားစုပြန်လည်ဆုံစည်းနိုင်ဖို့ ကူညီပေးသူတွေလည်း ရှိနေပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ ရေပြင်ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုရက်ပိုင်းအတွင်းမှာပဲ ကျေးရွာပေါင်း ၁၇ ရွာထက်မနည်း ထပ်မံ စစ်ဘေး တိမ်းရှောင်လာကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာမှုတွေကြောင့် ကျောက်ဖြူမြို့နယ် မင်းပြင်၊ ချောင်းဖျားနဲ့ သိုင်းချောင်းကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အနီးအနားရှိ ကျေးရွာတွေက ဒေသခံ ၂,၃၀၀ ကျော်လောက် ထပ်ပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အခုလို အသက်အန္တရာယ်ကို စိုးရိမ်လို့ စစ်ဘေးရှောင်လာကြရင်း စစ်ဘေးရှောင်တွေထဲမှာ မိသားစုနဲ့ ကွဲကွာသွားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာတဲ့အချိန် ကျောက်ဖြူမြို့နယ်၊ ကတ်သပြေကျေးရွာက အသက် ၈၆ နှစ်အရွယ်ရှိတဲ့ အဘွားအိုတယောက်ဟာ သူ့ရဲ့သားသမီးတွေနဲ့ တကွဲတပြားစီ ဖြစ်ခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ နေရပ်စွန့်ခွာလာကြရတဲ့ စစ်ဘေးရှောင်တွေ အခြေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ မိသားစုတွေနဲ့ တကွဲတပြား ဖြစ်နေကြသူတွေ ရှိတဲ့အကြောင်း ဒေသတွင်း စစ်ဘေးရှောင် ကူညီပေးနေသူတယောက်က ပြောပါတယ်။
“အသက်ဘေးကို ကြောက်ပြီး မရှောင်လို့ မရလို့ ပြေးလာကြရတာပါ။ ပိုက်ဆံရှိတဲ့သူတွေကတော့ တဲထိုးပြီး နေနိုင်တယ်၊ တချို့ ပိုက်ဆံမရှိတဲ့သူတွေကျတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေရာလည်းမရှိတော့ စစ်ရှောင်တွေက ပိုများတော့ လမ်းဘေးမှာ တဲထိုးပြီး နေကြပါတယ်။ တချို့ တဲထိုးပြီး မနေနိုင်တဲ့သူတွေက လမ်းဘေးမှာ၊ အပင်တွေအောက်မှာပဲ တာပေါ်လင်စတွေ ကာပြီး နေကြတယ်။ ပြီးရင် အသက် ၈၆ နှစ်အရွယ် အဘွားအိုတယောက်ဆိုရင် စစ်ဘေးရှောင်လာရင်း သားနဲ့သမီးတွေကို ရှာမတွေ့တော့ဘူး။ ခုထက်ထိ သေသလား၊ ရှင်သလားလည်း မသိရသေးပါဘူး။ စစ်ဘေးရှောင်လာတဲ့အချိန် အဲလိုမျိုး ကွဲကွာသွားတာလည်း အများကြီးရှိပါတယ်။ ခုချိန်ထိကို ပြန်မတွေ့ကြသေးပါဘူး။”
အရေးပေါ် နေရပ်ရွှေ့ပြောင်းတာနဲ့ စစ်ဘေးရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Triple – T အဖွဲ့ တည်ထောင်သူ ကိုဗစ်တာကတော့ သူတို့အဖွဲ့အနေနဲ့ စစ်ဘေးရှောင် မိသားစုဝင်တွေထဲမှာ ပျောက်ဆုံးနေသူတွေ၊ တကွဲတပြားစီ ဖြစ်နေသူတွေကိုလည်း ပြန်လည်ဆုံစည်းပေးနိုင်တဲ့ အစီအစဉ်လေးတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
သူတို့အဖွဲ့ကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်တယ်လို့ Triple – T အဖွဲ့ တည်ထောင်သူ ကိုဗစ်တာက ပြောပါတယ်။
“လက်ရှိဖြစ်စဉ်ကြောင့်ဖြစ်စေ၊ တခြား အရင်ကတည်းက တိုက်ပွဲ၊ စစ်ပွဲတွေကြောင့်ဖြစ်စေ မိသားစု ကွဲကွာသွားတဲ့သူတွေ၊ ပျောက်ဆုံးနေသူတွေရှိရင် ကျနော်တို့ Triple – T ကို ဆက်သွယ်လို့ ရပါတယ်။ ကျနော်တို့မှာ ပြန်လည်ဆုံဆည်းကြမယ်ဆိုတဲ့ အစီအစဉ်လေး ရှိပါတယ်။ အဲဒီအစီအစဉ်ကို ဆက်သွယ်ပြီးတော့ မိသားစု ပျောက်ဆုံးနေသူတွေကို လိုက်ရှာပေးတာ စသဖြင့် နိုင်တဲ့အရာတွေကို လိုက်ကူပေးတာ ရှိပါတယ်။”
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ရေးပဋိပက္ခ စဖြစ်ချိန်ကစပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင် ဦးရေ ၅၀,၀၀၀ ကျော်အထိ ရှိလာနေပြီလို့ Triple - T အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ ရေပြင်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေကလည်း တနေ့တခြား မြင့်တက်လာနေပါတယ်။
ဒါ့အပြင် အရေးပေါ် စစ်ဘေးရှောင်လာကြသူတွေအနေနဲ့ အခြေခံစားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတဲ့အပြင် လသားအရွယ် ကလေးငယ်တွေနဲ့ နို့တိုက်မိခင်တွေလည်း ပါဝင်နေတဲ့အတွက် မိခင်နဲ့ ကလေးအတွက် လိုအပ်တဲ့ ဖြည့်စွက်စာတွေနဲ့ ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။
ကေခိုင်


