Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်သူများကို ခေတ်မီ အပူလှိုင်းရှာ ကိရိယာများဖြင့် ဖမ်းဆီး
DVB
·
November 20, 2025

ထိုင်းနိုင်ငံမှာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစလို့ အွန်လိုင်းငွေလိမ်လည်မှု ကျားဖြန့်နှိမ်နင်ရေး စီမံချက်အရ ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို တင်းတင်းကျပ်ကျပ် ပိုက်စိပ်တိုက် စစ်ဆေးဖမ်းဆီးနေပါတယ်။

ထိုင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာ အရေအတွက်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လအတွင်း လူဦးရေ ၁၀,၀၀၀ ကျော် ရှိခဲ့ပြီး လစဉ် လူဦးရေ ၈၀၀ ကနေ ၁,၀၀၀ ကြား တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံနေရတာပါ။

၂၀၂၅ အောက်တိုဘာလထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဝင်ရောက်လို့ ဖမ်းဆီးခံရသူ ၇၀၀ ကနေ ၁,၀၀၀ ကြား ရှိတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းနိုင်ငံထဲမှာလည်း တရားမဝင် နယ်စပ် ၁၄ ပေါက်ကို အရင်ကလို ဝေဟင်၊ မြေပြင်တွေမှာ တပ်အဖွဲ့အစည်းတွေ မလုပ်ဘဲ အများစုက ဒရုန်းနဲ့ အနံ့ခံ ကိရိယာ၊ အပူလှိုင်းရှာတဲ့ ပိုမို ခေတ်မီတဲ့ ကိရိယာတွေ သုံးတဲ့အတွက် ပြေးမလွတ်တော့ဘူး။ အရင်ကလို ချောင်းလေးဖြတ်၊ ကားလေးပေါ်တက်လည်း မဟုတ်တော့ဘူး။ အခု တောအုပ်ထဲ ပြေးဝင်လည်း အပူလှိုင်းရှာတဲ့ ကိရိယာနဲ့ ရှာတာဖြစ်တဲ့အတွက် အများဆုံး အဖမ်းခံရတာ ကန်ချနပူရီ၊ ဒုတိယက မြဝတီ - မဲဆောက် နယ်စပ်ပါ။” 

မြန်မာလူငယ်တွေဟာ ပြည်တွင်းမှာ မလုံခြုံမှု၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် ပြည်ပကို နည်းလမ်းမျိုးစုံနဲ့ ရွှေ့ပြောင်းလာကြပြီး၊ ထိုင်းကို တရားမဝင် အောက်လမ်းကနေ လာရောက်ဖို့ အနည်းဆုံး ဘတ် ၁၅,၀၀၀ ကနေ မလေးရှားနိုင်ငံထိ အရောက်ဆိုရင် ဘတ် ၅၀,၀၀၀ ကနေ ၈၀,၀၀၀ လောက်ထိ ပေးနေရတယ်လို့ သိရပါတယ်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းက လူငယ်တွေကို ပုံစံမျိုးစုံနဲ့ ဖမ်းဆီးတာ၊ ပစ်ခတ် သတ်ဖြတ်တာတွေအပြင် အဓမ္မ စစ်မှုထမ်းစေခိုင်းတာ၊ ပေါ်တာဆွဲတွေကြောင့် လူငယ် အများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရရာနည်းလမ်းတွေနဲ့ ရွှေ့ပြောင်းကာ အလုပ်လုပ်ကိုင်နေကြပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013