
ထိုင်းနိုင်ငံမှာ ဒီလဆန်းပိုင်းက ဆိုင်မှာ အရက်ထိုင်သောက်ခွင့် အချိန်ကာလ သတ်မှတ်ခဲ့တဲ့အပါ် ဝေဖန်မှုတွေ ရှိနေတာကြောင့် အဆိုပါဥပဒေကို ပြန်လည်ဖြေလျှော့ပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ အဖျော်ယမကာဥပဒေဆိုင်ရာ ကော်မတီက နှစ်သစ်ကူးကာလမှာ မတော်တဆ ထိခိုက်မှု လျှော့ချရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ လူငယ်တွေ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင် ရရှိရေးတို့ကို ရည်ရွယ်ပြီး ဒီလ နိုဝင်ဘာ ၈ ရက်ကစပြီး အရက်ဆိုင်တွေမှာ ည ၁၂ နာရီကျော် (00:00 နာရီ) မှ မနက် ၁၁ နာရီအထိ၊ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ ဆိုင်မှာ အရက်ထိုင်သောက်ခြင်းမပြုရ၊ မလိုက်နာက ငွေဒဏ် ဘတ် ၁၀,၀၀၀ ထိ ပေးဆောင်ရမယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဥပဒေနဲ့ ပတ်သက်ပြီး ထိုင်းလူမှုအသိုက်အဝန်းမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တယ်၊ အထူးသဖြင့် အရက်ဆိုင်တွေ၊ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူတွေက ထိုင်းနိုင်ငံမှာ အခုလို အရက်သောက်ချိန် ကန့်သတ်လိုက်တာဟာ ခရီးသွားလုပ်ငန်းပေါ် သက်ရောက်မှုရှိတယ်၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ ထိုင်းနိုင်ငံပေါ် ယုံကြည်မှု လျော့ကျစေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ အဖျော်ယမကာဥပဒေဆိုင်ရာ ကော်မတီ၊ အားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က အဆိုပါဥပဒေပေါ် ပြန်လည်သုံးသပ်တဲ့ အစည်းဝေးတရပ် ကျင်းပခဲ့ပါတယ်။
အားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဝန်ကြီး နိုင်းအထကွဏ်းဆီရိရတ်ထက အရက်သောက်ချိန် ကန့်သတ်မှုမှာ ကမ္ဘာလှည့်ခရီးသည်တွေဆီက တောင်းဆိုမှုတွေ ထွက်လာတယ်၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကလည်း ခရီးသွားလုပ်ငန်းယုံကြည်မှုကို လျော့ကျစေတယ်လို့ ပြောကြောင်း အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီထိ ဆိုင်ထိုင် အရက်သောက်ခွင့် မပြုတာကို ပြန်ရုပ်သိမ်းလိုက်မယ်၊ ဒါပေမဲ့ အမြဲရုပ်သိမ်းတာ မဟုတ်ဘဲ ၆ လတာ စမ်းသပ် ခွင့်ပြုခြင်းဖြစ်တယ်၊ ခွင့်ပြုကာလအတွင်းမှာ ကောင်းကျိုးဆိုးကျိုး အခြေအနေကို စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ပါတယ်။
ဒါ့အပြင် ည ၁၂ နာရီ (သန်းခေါင်ကျော်နောက်ပိုင်းကစ မနက် ၁၁ နာရီထိ) ဆိုင်ထိုင် အရက်မသောက်ရ ဆိုတဲ့အချက်ကို မနက် ၁ နာရီထိ ထိုင်နိုင်ကြောင်း အချိန်ထပ်တိုးပေးလိုက်တယ်၊ ဒါဟာလည်း ၆ လတာ စောင့်ကြည့်မယ်၊ ဒီဖြေလျှော့မှုတွေဟာ ၁၅ ရက်အတွင်း အသက်ဝင်မယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထိုင်းဟိုတယ်များအသင်းဥက္ကဋ္ဌ နိုင်းထိန်းပဆစ် ချိုင်းယဖတ် ထရနန် ကလည်း ဒီရာသီဟာ နိုင်ငံခြားသားတွေ ထိုင်းကို အလည်အပတ်အများဆုံး လာချိန်ဖြစ်တယ်၊ ထိုင်းအနေနဲ့ အရက်သောက်ချိန် ဖြေလျှော့ပေးခြင်းဖြင့် အရက်ကို အစားအသောက်နဲ့တွဲပြီး သုံးဆောင်နေသူတွေ၊ အပန်းဖြေ ပျော်ပါးလိုသူတွေအတွက် အဆင်ပြေစေမယ်၊ ငွေကြေးသုံးစွဲမှုများချိန်မို့ စီးပွားရေးကို အထောက်အကူပြုတယ်၊ ထိုင်းနိုင်ငံသားတွေအတွက် ဘယ်လိုထိခိုက်မှုတွေ ရှိမယ်ဆိုတာ မသိသေးပါဘူး၊ ဒါပေမဲ့ နိုဝင်ဘာ ၈ ရက်ကစတဲ့ ဥပဒေကတော့ ဒီကနေ့ ခေတ်သစ်လူမှုအသိုက်အဝန်း နေထိုင်မှုပုံစံနဲ့ မကိုက်ညီတော့ဘူးလို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နိုင်းကရိန်းကိုင်း ရင်းနုကွန်းကလည်း အရက်ရောင်းချချိန် ဖြေလျှော့ပေးခြင်းအားဖြင့် ဒီပွင့်လင်းရာသီ High Season က ခရီးသွားလုပ်ငန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်မယ်၊ အရောင်းဆိုင်တွေမှာ ဝန်ဆောင်မှုတွေကို ကောင်းစွာပေးနိုင်ပြီး ဧည့်သည်တွေကို စိတ်ကျေနပ်စေမယ်၊ ဒါတွေဟာ ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ အမျိုးသားစီးပွားရေးအတွက် ဝင်ငွေရစေမယ်လို့ ပြောသွားပါတယ်။
Source: ThaiPBS / Thaipost / Khaosod


