
ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ငွေကျပ်သန်းပေါင်း ၇,၅၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းမှာ နိုဝင်ဘာ ၁၉ ရက်ညက ဖော်ပြပါတယ်။
နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာနားမှာ မှိုင်းဆွေ မောင်းနှင်လာတဲ့ ISUZU ခြောက်ဘီးကားကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာမှာ ကားပေါ်ကနေ ဒေသကာလတန်ဖိုး ငွေကျပ်သန်း ၇,၅၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၅ သန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေကို မန္တလေးမြို့ကနေ ဘားအံမြို့ကို သယ်ဆောင်ခိုင်းသူဟာ မန္တလေးမြို့နေ မြတ်မင်းဦး ဖြစ်ပြီး ဆေးပြားတွေ သယ်လာတဲ့ကားကို စွယ်တော်ကားဝင်းနား လာရောက်ပို့ဆောင်သူဟာ ပြင်ဦးလွင်မြို့နေ အောင်မျိုးဝင်း တို့ဖြစ်တယ်လို့ သိရပြီး သူတို့ကိုတော့ ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။


