
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးနယ်မြေရဲစခန်းက နယ်ထိန်း ဇင်မင်းသူ (ခ) ကြက်ကုလား ဆိုသူကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ ပစ်ခတ်လိုက်တယ်လို့ သိရပါတယ်။
မြစ်ကျိုးတိုက်နယ်မှာ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီတပ်နဲ့ ပေါင်းဖွင့်သလို အရပ်သားတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေကြောင့် ပြည်သူကတိုင်ကြားလို့ ပစ်ခတ်လိုက်တာလို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
“အဓိကတော့ ဆိုးသွမ်းသောင်းကျန်းနေတာကို ဒေသခံတွေက တိုင်ကြားတာ။ ဒီမနက် မြစ်ကျိုးရဲစခန်းရဲ့ နယ်ထိန်းရဲကို ပစ်ခတ်ရှင်းလင်းလိုက်တယ်။ လောင်းကစားဝိုင်းတွေထောင် ဆိုင်ကယ်တွေဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်လို့။ သူ့ဆီက ဖုန်းတလုံးရလိုက်တယ်။ ၄ ချက်ပစ်တာ သေဖို့များတယ်။ ခေါင်းတချက်၊ ဗိုက် ၂ ချက် မှန်တယ်။”
မြစ်ကျိုးတိုက်နယ်မှာ ရွာပေါင်း ၁၅ ရွာလောက်ရှိပြီး အဲဒီနယ်ထိန်းဟာ ရွာတွေထဲမှာ ကြက်ဝိုင်း၊ ဖဲဝိုင်းနဲ့ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီတပ်ဆီ အခွန်ပေးပြီး ထောင်တာ၊ လမ်းဆုံတွေမှာ ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
မြစ်ကျိုးတိုက်နယ်က ဒေသခံတယောက်က “ဆိုင်ကယ်အမျိုးအစားပေါ် မူတည်ပြီးတော့ ၅ သိန်းတို့၊ ၁၀ သိန်းတို့ တောင်းတာ။ ဆိုင်ကယ်တွေကိုဖမ်းပြီး ရဲစခန်းမပို့ဘူး၊ သူ့အိမ်ထားတာ။ ပြီးတော့ ပြန်လာရွေးခိုင်းတယ်။ ပစ်ခတ်ခံရလို့ ကားနဲ့ ဆေးရုံကိုပို့လိုက်တယ်” လို့ ပြောပါတယ်။
နယ်ထိန်း ဇင်မင်းသူ (ခ) ကြက်ကုလားကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြစ်ကျိုးဈေးထဲမှာ ဝင်ရောက်ပစ်ခတ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က မြစ်ကျိုး-ဒိုက်ဦး ကားလမ်း လမ်းဆုံ၊ လမ်းခွတွေမှာ အစစ်အဆေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။


